ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေး စခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
news
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ် ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား လုပ်ဆောင်လျက်ရှိသည်။
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ရောက်ရှိ
နေပြည်တော် စက်တင်ဘာ ၁၄
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက် အရ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ စစ်ဦးစီးချုပ် စောစတီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ကရင်ပြည်နယ်၊ ဘားအံမြို့မှ နေပြည်တော် Horizon Lake View Hotel သို့ ယနေ့မွန်းလွဲပိုင်းတွင် မော်တော်ယာဉ်များဖြင့် အသီးသီး ရောက်ရှိကြရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက ထာဝငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်း တည်ငြိမ် အေးချမ်းရ စသည့်စာသားပါဆိုင်းဘုတ်များ ကိုင်ဆောင်၍လည်းကောင်း၊ နိုင်ငံတော် အလံငယ်များကိုင်ဆောင်၍လည်းကောင်း ကြိုဆိုခဲ့ကြသည်။
အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များနှင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှု များကို ဆောင်ရွက်ခဲ့ရာတွင် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်မှ ၂၈ ရက်အထိလည်းကောင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ဇွန်လ ၁၉ ရက်မှ ၂၁ ရက်အထိလည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းကြရန် သဘောတူညီ နိုင်ခဲ့ကြသည်။ ယခု ဒုတိယအကြိမ် လာရောက်ဆွေးနွေးရာတွင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နိုင်ငံရေးလိုလားချက်နှင့် အနာဂတ်လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းရန် လမ်းဖွင့်ထားကြောင်း၊ ဆက်လက်၍ ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည့် ကျန်တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့များလည်း လာရောက်တွေ့ဆုံဆွေးနွေးရန်ရှိကြောင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မလာရောက်သေးသည့် တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များကိုလည်း မည်သည့်အခြေအနေမျိုးတွင်မဆို ကြိုတင်ကန့်သတ်ချက်မထားဘဲ လာရောက် ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
နေပြည်တော်၊ စက်တင်ဘာ ၁၄
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ အိုးဘိုကျေးရွာနေ နန္ဒဇော်ထိုက်ဝင်းသည် ၎င်းအသုံးပြုသည့် “Nanda Zaw Htike Win” Facebook အကောင့်၊ ညောင်ဦးမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ပြည့်ဖြိုးကျော်(ခ)ဆိတ်ထွားသည် ၎င်းအသုံးပြုသည့် “Pyai Phyo Kyaw” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ သာယာကုန်းရှမ်းကျေးရွာနေ နေလင်းသည် ၎င်းအသုံးပြုသည့် “Nay Linn” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင် ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ ရပါသည်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင် များအား ၎င်း၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်
နေပြည်တော်၊ စက်တင်ဘာ - ၁၄
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင်လည်း မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ နယ်မြေခံတပ်ရင်းခန်းမတို့၌ ပြန်လည်ကြိုဆိုလက်ခံခြင်းအခမ်းအနားများကို ပြုလုပ် ကြရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော မကွေးတိုင်း ဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၁၄ ဦးနှင့် ပဲခူးတိုင်း ဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။
ကချင်ပြည်နယ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ပြည်နယ်အဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲပြုလုပ်
နေပြည်တော်၊ စက်တင်ဘာ - ၁၄
ကချင်ပြည်နယ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ပြည်နယ်အဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် မြစ်ကြီးနား မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများ၊ လချိဒ်တိုင်းရင်းသား ရိုးရာအကအဖွဲ့နှင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟို)အဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် မွန်တိုင်းရင်းသားရိုးရာအက အဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
၂၀၂၂ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်တိုင်းစစ် ဌာန ချုပ် ကိုယ်စားပြု သေနတ်ပစ်အားကစားအသင်းအား အောင်နိုင်ရေးအလံပေးအပ်
နေပြည်တော်၊ စက်တင်ဘာ - ၁၄
၂၀၂၂ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု သေနတ်ပစ်အားကစားအသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ နယ်မြေခံ သင်တန်းကျောင်း၊ ရေဆင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိ သူများ၊ တပ်နယ်၊ တပ်ရင်း၊ တပ်ဖွဲ့မှူးများနှင့် ပြိုပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု သေနတ်ပစ်အားကစားအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် တိုင်းမှူးက အမှာစကားပြောကြားပြီး အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ၎င်းနောက် တိုင်းမှူးက တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး နေ့လည်စာအတူတကွသုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(တိုင်းအဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲပြုလုပ်
နေပြည်တော်၊ စက်တင်ဘာ - ၁၄
ရန်ကုန်တိုင်းဒေသကြီး(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (တိုင်းအဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလုံမြို့နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သဘင်ဆောင်၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီနာယက၊ တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ခရိုင်အဆင့် အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးဌေးအောင်က ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့မှု Video Clip ဖြင့် ပြသသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုတေးဖြစ်သော သက်ဝင်လှုပ်ရှားကြယ်ပွင့်လေးများ တေးသီးချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ဆုရရှိကြသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။