(၂၁) ကြိမ်မြောက်အာဆီယံတပ်မတော်ကာကွယ်ရေးဉီးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ရန် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာ နေပြည်တော် ၊ စက်တင်ဘာ - ၄

Wednesday, September 4, 2024 - 17:00

          လာအိုပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၂၁)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 21st ASEAN Chiefs Of Defence Forces Meeting (ACDFM-21)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား တက်ရောက်ရန် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာကြသည်။

အဆိုပါ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့်တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

          ထို့နောက် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ‌ဒေသစံတော်ချိန်နံနက် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ရောက်ရှိကြရာ လာအိုအမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊  လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကို၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်မောင်စိုးနှင့် တာဝန်ရှိသူများက  Wattay အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုခဲ့ ကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဦးဆောင်သောမြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား လာအိုအမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Khamlieng Outhakaisone မှ လက်ခံတွေ့ဆုံခဲ့ပြီး  နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြားချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးသည် ယနေ့ညပိုင်းတွင် ဗီယင်ကျန်းမြို့ Latsavong Wanda Vista Hotel ၌ လာအို အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Khamlieng Outhakaisone က တည်ခင်းဧည်ခံသည့် (၂၁) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွွယ်ရေးဦးစီးချုပ်များအစည်းအဝေး အထိမ်း အမှတ် ကြိုဆိုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်သည်။

          အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့်အတူ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။