တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲ အခမ်းအနား ကျင်းပ နေပြည်တော်၊ ၂၀၂၄ စက်တင်ဘာ ၁

Sunday, September 1, 2024 - 17:30

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

အခမ်းအနားသို့ လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ မဟာထေရ်မြတ် အမှူးပြုသော ဆရာတော်၊ သံဃာတော်များ  ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဇနိန္ဒ  ထံမှ ငါးပါး သီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ် သည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာကြားကြသည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်း  ကြသည်။

ယင်းနောက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသော ဆွမ်းဆန်တော်နှင့် ဆီ၊ ဆား၊ ပဲ၊ ဆေးများအား ပေါက်မြိုင်ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော်နှင့် သံဃာတော်များထံ စစ်ရေးချုပ်မှ ဦးဆောင်၍ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိကြီးများက ဆက်ကပ်လှူဒါန်း ကြသည်။ ထို့နောက် ဆွမ်းပဒေသာပင် အလှူတော်ငွေများကို တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များက အသီးသီးပေးအပ် လှူဒါန်းကြရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်းရခြင်းရည်ရွယ်ချက်အား တပ်မတော် အရာရှိကြီးတစ်ဦးမှ ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဇနိန္ဒ ထံမှ  အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းသည်။

နေပြည်တော်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘိုးဘွားရိပ်သာများအတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ်လှူဒါန်းလျက်ရှိပြီး ယနေ့ လှူဒါန်းမှု အစုစုမှာ အလှူငွေ ကျပ် ၁၄၅ သိန်း ၅ သောင်း ၉ ထောင်ကျပ်၊ ဆန် ၆၅၇ အိတ်၊ ဆီ ၁၉၆ ပိဿာ ၂၀ ကျပ်သား၊ ပဲ ၁၉၆၂ ပိဿာ၊ ဆား ၁၉၆၂ ပိဿာ၊ ဆေးမျိုးစုံ ၆၅၄ ဘူးတို့အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။