နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှော်ဘီလေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ အမျိုးသမီးဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးအရာရှိခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဩဂုတ် - ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မှော်ဘီလေတပ်စခန်းဌာန ချုပ်မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးအရာရှိခြေလျင်တပ်စုမှူး သင်တန်းမှ သင်တန်းသူများအား သက်ဆိုင်ရာခန်းမများ၌ သီးခြားစီတွေ့ဆုံအမှာ စကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ မှော်ဘီလေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိများ၊ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးအရာရှိ ခြေလျင် တပ်စုမှူးသင်တန်းမှ သင်တန်းသူများ တက်ရောက်ကြသည်။
တပ်မတော်(လေ)၏ အခန်းကဏ္ဍ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် တပ်မတော်(ကြည်း)တစ်ခုတည်းသာမက တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)တို့၏ အင်အားနှင့် စွမ်းပကားများကိုလည်း မြှင့်တင်ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ တပ်မတော်(လေ)ကို ခေတ်အဆက်ဆက် အဆင့်မြှင့်တင် တည် ဆောက်ပေးခဲ့ပြီး ခေတ်စနစ်နှင့် လျော်ညီသည့် လေယာဉ်၊ ရဟတ်ယာဉ်များကိုလည်း တပ်ဆင်ပေးထားကြောင်း၊ အာဆီယံနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် မိမိတို့နိုင်ငံ အနေဖြင့် ဂျက်တိုက်လေယာဉ်များကို စတင်အသုံးပြုနိုင်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ လေယာဉ်၊ရဟတ်ယာဉ်များသာမက လေကြောင်းဆိုင်ရာကျွမ်းကျင်သူအရာရှိ၊စစ်သည် များကိုလည်း စဉ်ဆက်မပြတ်မွေးထုတ်လျက်ရှိပြီး အမျိုးသမီးအရာရှိများအနေဖြင့် အမျိုးသားအရာရှိများနည်းတူပျံသန်းရေးတာဝန်များတွင် ထမ်းဆောင်နေပြီဖြစ်ကြောင်း။
တပ်မတော်(လေ)အနေဖြင့် မြေပြင်တပ်ဖွဲ့ဝင်များ သယ်ယူပို့ဆောင်ရေးနှင့် အရေးကြီးစစ်ဆင်ရေးများတွင် လေကြောင်းပစ်ကူပေးတာဝန်များကို ဆောင်ရွက်ပေးရ ခြင်းဖြစ်ပြီး မြေပြင်တပ်ဖွဲ့ဝင်များအတွက် များစွာအထောက်အကူပြုပေးနေသည့် တပ် ဖွဲ့ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်လည်း တပ်မတော်(လေ) ကိုအဆင့်မြှင့် တင်မှုများ ဆောင်ရွက်ရာတွင် လေယာဉ်များကိုသာမက လိုအပ်သည့် စက်ပစ္စည်း များနှင့် အထောက်အကူပြုပစ္စည်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ လေကြောင်းစွမ်းပကားဖြင့် နိုင်ငံတော် ကာကွယ်ရေးအတွက် ချမှတ်ထားသည့် ကာကွယ်ရေးမူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် လေ့ကျင့်ခြင်းများကိုစနစ် တကျ ဆောင်ရွက်နေရန်လိုပြီး တစ်ဦးချင်း၏ စွမ်းရည်နှင့် စိတ်ဓာတ်များ ကောင်းမွန်အောင်ဆောင်ရွက်ရန်လိုကြောင်း။
အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍ
တပ်မတော်၌ အမျိုးသမီးစစ်မှုထမ်းများ ခန့်အပ်တာဝန်ပေးအပ်ထမ်းဆောင် လျက်ရှိသည်မှာ ရှေးယခင် ကတည်းကပင် ရှိခဲ့ကြောင်း၊ သို့သော် အကြောင်းအမျိုးမျိုး ကြောင့် ကြားကာလအချိန်များတွင် ဆေးဝန်ထမ်းတပ်ဖွဲ့များမှအပ အခြားအမျိုးသမီး စစ်မှုထမ်းများကို တာဝန်ပေးအပ်နိုင်မှု မရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်၌ တပ်မတော်တွင် အမျိုးသမီးအရာရှိများ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေးဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့အသီးသီး၌ အမျိုးသမီး အရာရှိများ တာဝန် ထမ်းဆောင်လျက်ရှိပြီဖြစ်ကြောင်း၊ ထို့ပြင် အခြားအဆင့် အမျိုးသမီးစစ်မှုထမ်းများကိုလည်း ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများကို ဆက်လက် ခန့်အပ်ပေးလျက်ရှိကြောင်း။
အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများအဖြစ် သင်တန်းတက်ရောက်နေကြသူ များသည် တက္ကသိုလ်များ၌ဘွဲ့ရပြီးကြသူများဖြစ်၍ တက္ကသိုလ်ပတ်ဝန်းကျင် လူမှု ဆက်ဆံရေး အတွေ့အကြုံများစွာရှိထားပြီးသူများဖြစ်ကြောင်း၊ အသက်အရွယ် အား ဖြင့်လည်း မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည့်အရွယ်များသို့ ရောက်ရှိပြီး ဖြစ်ကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် တပ်မတော်အတွင်းသို့ ဝင် ရောက်လာသူများဖြစ်သဖြင့် ခံယူချက်များ အခြေခံအားဖြင့်ကောင်းမွန်ပြီးဖြစ်ကြောင်း၊ သင်တန်းတက်ရောက်စဉ် လေ့ကျင့်ရေးကာလအတွင်း ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင် သန်မာမှုရှိစေရေး စနစ်တကျလေ့ကျင့်သွားရန်လိုကြောင်း၊ သင်တန်းကာလအတွင်း သင်ကြားလေ့ကျင့်ပေးသည့် လေ့ကျင့်ရေးဆိုင်ရာများကို ကြံ့ခိုင်သည့်စိတ်ဓာတ်ဖြင့် လိုက်ပါဆောင်ရွက်ရန်လိုကြောင်း၊ စိတ်ဓာတ်ကောင်းမွန်မှသာ လေ့ကျင့်ရေးများ အောင်မြင်မည်ဖြစ်ကြောင်း၊ စစ်အတတ်ပညာများကို သင်ကြားပေးခြင်းသည် တိုက်ပွဲ ဝင်နိုင်စေရန် လေ့ကျင့်သင်ကြားပေးခြင်းပင်ဖြစ်ကြောင်း၊ လေ့ကျင့်သင်ကြားပေးလိုက် သည့် ပညာရပ်များကို သင်တန်းကျောင်းတွင်သာမကဘဲ တာဝန်ထမ်းဆောင်ချိန်များ ၌လည်း ပြန်လည်လေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း၊ ဗိုလ်လောင်းများအနေဖြင့် သင်တန်းကာလအတိုင်းအတာတစ်ခုသို့ ရောက်ရှိလာပြီဖြစ်သဖြင့် နေ့စဉ်ဆောင်ရွက်ရ သည့် လေ့ကျင့်ရေးများမှ စနစ်တကျဆောင်ရွက်တတ်သည့် ကောင်းမွန်သည့်အကျင့် များကိုရရှိလာပြီဖြစ်ကြောင်း၊ မိမိကိုယ်ကို တာဝန်ယူ၍ လုပ်ကိုင်ဆောင်ရွက်တတ်ခြင်း သည် ကောင်းမွန်သည့်အကျင့်ပင်ဖြစ်ပြီး စနစ်တကျဖြင့်လုပ်ကိုင်နေထိုင် စားသောက် ပြုမူခြင်းသည် တပ်မတော်၏ကောင်းမွန်သည့် အလေ့အကျင့်ကောင်းများပင်ဖြစ်ကြောင်း။
ဗိုလ်လောင်းသင်တန်းပြီးဆုံး၍ ကျရာတာဝန်များကို ထမ်းဆောင်ရာတွင်လည်း တစ်ဦးချင်းတစ်ယောက်ချင်းအလိုက်အသိစိတ်ဖြင့် အရာရှိကောင်းများဖြစ်အောင် ထိန်း သိမ်းနေထိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့အတွက် အကျိုးဖြစ်စေမည့် စာပေအသိ ပညာ ဖတ်ရှုလေ့လာခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် လိုကြောင်း၊ လေ့လာဖတ်ရှုမှုများကို အမြဲမပြတ်ဆောင်ရွက်နေမည်ဆိုပါက လုပ်ငန်း တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ပြီး မိမိတို့ ဖတ်မှတ်ထားသည်များကို အသုံးချခြင်းနှင့် မျှဝေပေးခြင်းများကို ဆောင်ရွက်ရန် လိုကြောင်း၊ လေ့လာဖတ်ရှုခြင်း၊ မှတ်သားခြင်း၊ ဆွေးနွေးခြင်းများ မှတစ်ဆင့် အသိ ပညာများပိုမိုအားကောင်းလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်း ဆောင်ရာတွင် နိုင်ငံတော်နှင့်တပ်မတော်မှအားကိုးအားထားရသည့် အမျိုးသမီး အရာရှိ ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိ၍ တာဝန်များကို ဂုဏ်ယူစွာဖြင့် ကျေပွန်အောင် ထမ်းဆောင်ကြရန်
တပ်မတော်သို့ ဝင်ရောက်လာကြသည့် အရာရှိ၊ စစ်သည်များအားလုံးသည် မည် သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်လာကြသူများဖြစ်သဖြင့် အခြေခံအားဖြင့် စိတ်ဓာတ်ကောင်း မွန်ပြီးဖြစ်ကြောင်း၊ တပ်မတော်သို့ဝင်ရောက်လာကြသူများသည် တပ်မတော်သားများ ၏ သစ္စာလေးချက်တွင် အမြင့်ဆုံးသစ္စာဆိုချက်ဖြစ်သည့် “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏” ဆိုသည့်သစ္စာဆို ချက်အတိုင်း စောင့်ထိန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုကဲ့သို့ နိုင်ငံတော်အပေါ် သစ္စာဆိုထားသည့် တပ်မတော်သားတစ်ဦးချင်းစီအနေဖြင့် မိမိကိုယ်ကို၊ မိမိအဖွဲ့ အစည်းနှင့် နိုင်ငံတော်အပေါ်သစ္စာရှိရမည်ဖြစ်ပြီး ခံယူချက်ကောင်းရမည်ဖြစ်ကြောင်း၊ မိမိတို့၏ စိတ်ဓာတ်၊ သစ္စာရှိမှုများဖြင့် ပေးအပ်လာသည့်တာဝန်များကိုကျေပွန်အောင် ထမ်း ဆောင်ကြစေလိုကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းတစ်ခုဖြစ် သကဲ့သို့ တပ်မတော်သားများသည်လည်း ပြည်သူများ၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ် ကြောင်း၊ တပ်မတော်သားများသည် ပြည်သူများမှ ပေါက်ဖွားလာကြသူများဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အသက်စွန့်၍ တာဝန်ထမ်းဆောင်ရန် သစ္စာဆို တိုင်တည်ထားသည့်အဖွဲ့အစည်းဖြစ်သဖြင့် နိုင်ငံတော်အတွက် အမြင့်ဆုံးအဖွဲ့အစည်း ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားတစ်ဦးချင်းစီအနေဖြင့် မိမိတို့ကိုယ်ကို ဂုဏ် ယူ၍ တာဝန်ကိုထမ်းဆောင်ကြရန်လိုပြီး နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့် သိရန်လိုကြောင်း၊ ထို့ပြင် တပ်မတော်သားများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သဖြင့် ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် တာဝန်ထမ်းဆောင်ကြရန်လိုပြီး နိုင်ငံရေးနှင့် ပတ်သက် ၍ နိုင်ငံ့အရေး၊ အမျိုးသားအရေးကို ဆောင်ရွက်သွားရမည်သာဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံတိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း။
လေ့ကျင့်ရေးကို အလေးထားဆောင်ရွက်ရန်လို
တပ်မတော်(လေ)မှ ပျံသန်းရေးတာဝန်ထမ်းဆောင်နေသူများအနေဖြင့် တာဝန် ထမ်းဆောင်ရာတွင် အသက်နှင့်ရင်း၍တာဝန်ထမ်းဆောင်ရခြင်းဖြစ်သဖြင့် အမှားခံ၍ ရမည်မဟုတ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တစ်ဦး ချင်း၏ အရည်အချင်းများ တိုးတက်မှုရှိစေရေး အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်ရန်နှင့် သမားစဉ် လုပ်ငန်းများကို မှန်မှန်ကန်ကန်နှင့် တိတိကျကျ Check ၊ Recheck ၊ Counter check များ ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း။
မိမိတို့ ဆောင်ရွက်နေရသည့် သမားစဉ်လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်နေမည်ဆိုပါက တစ်ဦးချင်း အရည်အချင်းများပြည့်ဝပြီး တာဝန် ထမ်း ဆောင်မှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လေ့ကျင့်သား ပြည့်ဝနေမှသာလျင် မိမိကိုယ်ကိုနှင့် မိမိ လက်နက်အပေါ် ယုံကြည်စိတ်မြင့်မား မည်ဖြစ်ကာ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင်ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် လေ့ကျင့်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက် သွားမည်ဆိုပါက လုပ်ငန်းတာဝန်များကို အောင်မြင်စွာဖြင့် ထူးချွန်စွာ ဆောင်ရွက်နိုင်မည့် တပ်ဖွဲ့တစ်ခုဖြစ်လာမည်ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန် များကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်သည့်တပ်ဖွဲ့တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း။
သက်သာချောင်ချိရေးနှင့် စိတ်ဓာတ်မြင့်မားရေး
သက်သာချောင်ချိရေးနှင့်ပတ်သက်၍လည်း တပ်မတော်အနေဖြင့် တတ်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး အုပ်ချုပ်သူအဆင့်ဆင့်မှလည်း မိမိတို့ တပ်ဖွဲ့ များ၏ သက်သာချောင်ချိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျန်းမာ ကြံ့ခိုင်မှုရှိစေရေး၊အသင်းအဖွဲ့ဖြင့် ဆောင်ရွက်တတ်စေရေးအတွက် အားကစားပွဲများ၊ ပျော်ပွဲရွှင်ပွဲများကျင်းပပေးခြင်း၊ အသိပညာဗဟုသုတနှင့် ခံယူချက်ကောင်းများ ရရှိစေ ရေးအတွက် ဟောပြောဆွေးနွေးပွဲများပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် လိုကြောင်း၊ စစ်သည်တစ်ဦးချင်းစီနှင့်၎င်းတို့၏ မိသားစုဝင်များ၏ လူမှုရေး အခက်အခဲ၊ အကြပ်အတည်းများကိုလည်း မိမိတို့တတ်စွမ်းသည့်ဘက်မှ ကူညီဖြေရှင်းဆောင် ရွက်ပေးရန်လိုကြောင်း၊ စစ်သည်တစ်ဦးချင်းအလိုက် စိတ်ဓာတ်နှင့် ခံယူချက်များ ကောင်းမွန်မည်ဆိုပါက တပ်၏အရည်အချင်းများ မြင့်မားလာမည်ဖြစ်ကြောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ရှိတပ်ဖွဲ့ဝင်များအားလုံး အရည်အချင်းပြည့်ဝအောင် ဆောင်ရွက်၍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက တပ်မတော်၏ နိုင်ငံ တော်ကာကွယ်ရေးစွမ်းအားသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်းဖြင့် ပြောကြား သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် မှော်ဘီ လေ တပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)မှ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးအရာရှိ ခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ အမျိုးသမီးဗိုလ်လောင်းသင်တန်းသူများ၊အမျိုးသမီးအရာရှိခြေလျင်တပ်စုမှူးသင်တန်း မှ သင်တန်းသူများနှင့်အတူ နေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ကြပြီး သင်တန်းသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကား ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)သို့ ရောက်ရှိစဉ် ကျောင်းအုပ်ကြီးက တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို အား သစ်လောင်းမည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားမွေး ထုတ်ပေးလျက်ရှိသည့်အခြေအနေများ၊အမျိုးသမီးအရာရှိများအား တပ်စုမှူးသင်တန်း၊ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုနှင့် လေ့ကျင့်ရေးတာဝန်များ ထမ်းဆောင်နိုင်မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းများ တွင်လေ့ကျင့်ပေးရမည့်ပညာရပ်များကို အမှန်တကယ်တတ်မြောက်အောင် အပြည့် အဝ လေ့ကျင့်သင်ကြားပေးရန်နှင့် အခြားလေ့ကျင့်ရေးဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မှော်ဘီတပ်နယ်အတွင်းရှိ သင်တန်းကျောင်းများ၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။