မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များနှင့်စစ်သည်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံလေ့လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ နေပြည်တော်၊ ဩဂုတ် ၃၁

Saturday, August 31, 2024 - 16:00

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများ အတုယူလေ့လာနိုင်စေရန်အတွက် ဩဂုတ် ၂၆ ရက်မှစ၍  တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြသည်။

အဆိုပါ လေ့လာရေးအဖွဲ့အား တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးညွန့်၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ  ဌာနကြီးမှူး ဦးအောင်ရဲဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၏ မိဘဆွေမျိုးများက   ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များနှင့် စစ်သည်များ ပါဝင်သော လေ့လာရေးအဖွဲ့သည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း သြဂုတ်လ ၂၇ ရက်တွင် ပေကျင်းမြို့ရှိ Tian Tan ပန်းခြံသို့ သွားရောက်လည်ပတ်ခြင်း၊ Ling Guang ဘုရားကျောင်းသို့ သွားရောက်၍ ဘုရားကျောင်းတွင် ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓ မြတ်စွယ်တော်အား သွားရောက်ဖူးမြော်ခြင်း၊ ဩဂုတ်လ ၂၈ ရက် တွင် ပေကျင်းမြို့ရှိ Grate wall သို့ သွားရောက်လေ့လာခြင်း၊ နွေရာသီနန်းတော်သို့ သွားရောက် လေ့လာခြင်းနှင့် အိုလံပစ်ကျင်းပခဲ့သည့် အဆောက်အဦများနှင့် မြို့တွင်းသို့ လှည့်လည်ကြည့်ရှုလေ့လာခြင်း များ ဆောင်ရွက်ကာ  ညပိုင်းတွင် ညရှုခင်းများ ကြည့်ရှုခဲ့ကြသည်။

အလားတူ ဩဂုတ်လ ၂၉ ရက်တွင် ပေကျင်းမြို့ရှိ ပေကျင်းကျည်ဆန်ရထား ဘူတာရုံမှ ‌ပေကျင်း-ကွမ်ကျိုးကျည်ဆန်ရထား အမှတ်၊ G-77 ဖြင့် စီးနင်းလိုက်ပါ၍ Guang zhou မြို့သို့ ရောက်ရှိကြသည်။

အဆိုပါ မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များနှင့် စစ်သည်များ ပါဝင်သော လေ့လာရေးအဖွဲ့သည် ဩဂုတ်လ ၃၀ ရက်နံနက်ပိုင်းတွင် Guang zhou မြို့ရှိ Ji Nan တက္ကသိုလ်သို့ သွားရောက်ကာ Ji Nan တက္ကသိုလ်၏ သမိုင်းကြောင်း၊ စာကြည့်တိုက်နှင့် ဌာနခွဲများအား လှည့်လည်လေ့လာခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလို သည်များ မေးမြန်းမှုများအပေါ် တက္ကသိုလ်မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။ ထို့နောက် လေ့လာရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် Guang zhou မြို့တွင်း လေ့လာလည်ပတ်ကြပြီး ညပိုင်းတွင် Guang Zhou Tower အား သွားရောက် လေ့လာ ကြည့်ရှုခြင်းနှင့် Zhu Jiang မြစ်အတွင်း အပျော်စီးသင်္ဘာဖြင့် လိုက်ပါစီးနင်း၍ လေ့လာ လည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။