ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၈)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ  အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက် နေပြည်တော်၊ ဩ

Friday, August 30, 2024 - 17:30

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၈)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ  အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်
နေပြည်တော်၊ ဩဂုတ် ၃၀
    ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်မှ ၂၉ ရက်အထိ လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပသော (၁၈)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာအာဆီယံဝန်ကြီး အဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (18th ASEAN Ministerial Meeting on Transnational Crime and its Related Meetings – 18th AMMTC) သို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ကြိုဆိုခဲ့ကြပါသည်။

    (၁၈)ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ Latsavong Wanda Vista ဟိုတယ်၌ ဩဂုတ်လ ၂၈ ရက်၊ နံနက် ၈ နာရီခွဲတွင် ကျင်းပရာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၊ လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ ဝန်ကြီးအဆင့်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့်တာဝန်ရှိသူများ စုစုပေါင်း ၂၂၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် လာအိုနိုင်ငံတော်သီချင်းနှင့် အာဆီယံသီချင်းတို့အား ဖွင့်လှစ်ခြင်းနှင့် အာဆီယံဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သူများအတွက် တစ်မိနစ်ခန့်ငြိမ်သက်ခြင်း၊ အာဆီယံ ၁၀ နိုင်ငံမှ AMMTC ခေါင်းဆောင်/ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ တစ်ဦးချင်းမိတ်ဆက်ခြင်း၊ အာဆီယံအတွင်းရေးမှူးချုပ်  Dr. Kao Kim Hourn က အမှာစကားပြောကြားခြင်း၊ အိမ်ရှင်လာအိုနိုင်ငံ၏ AMMTC ခေါင်းဆောင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်ချုပ်ကြီး Vilay Lakhamphong က အဖွင့်အမှာစကား ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတက်ရောက်လာသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြပါသည်။ 
    (၁၈)ကြိမ်မြောက် AMMTC အစည်းအဝေးကို ဩဂုတ်လ ၂၈ ရက်၊ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၀ မိနစ်တွင် Latsavong Wanda Vista ဟိုတယ်၊ State Hall ၌ စတင်ကျင်းပရာ အိမ်ရှင် လာအိုနိုင်ငံ AMMTC ခေါင်းဆောင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြား ခြင်း၊ အာဆီယံအတွင်းရေးမှူးချုပ်က အာဆီယံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ အာဆီယံလူဝင်မှုကြီးကြပ်ရေးဌာနများ၏ ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကောင်စစ်ရေးရာအကြီးအကဲများ၏ (၂၇)ကြိမ်မြောက် အစည်းအဝေးရလဒ်များကို ရှင်းလင်း တင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။ 
    ထို့နောက် AMMTC ခေါင်းဆောင်/ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြရာ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်က မူးယစ် ဆေးဝါးပြဿနာသည် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူသန်းပေါင်းများစွာ၏ ဘဝများကို ဆိုးရွားစွာထိခိုက် စေသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု သည် နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုတို့နှင့် တစ်နည်းတစ်ဖုံဆက်စပ်နေပါကြောင်း၊ မြန်မာအာဏာပိုင် များအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ Precursor chemical များစီးဆင်းမှုကိုထိန်းချုပ်ရန် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ သို့ရာတွင် နယ်စပ်ဒေသများမှတစ်ဆင့် စီးဝင်နေသော တရားမဝင် ဓာတုပစ္စည်းများအား ထိန်းချုပ်ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါကြောင်း၊ မြန်မာနိုင်ငံသည် Precursor chemical များကို မထုတ်လုပ်နိုင်သော်လည်း အဆိုပါဓါတုပစ္စည်းများသည် နယ်စပ် တစ်လျှောက်ရှိ မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာများသို့ လမ်းကြောင်းအမျိုးမျိုးဖြင့် တရားမဝင် ဝင်ရောက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းအချို့က မူးယစ်ဆေးဝါးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိကြောင်းငြင်းဆိုထားသော်လည်း လက်တွေ့တွင်မူ ၎င်းတို့၏ ထိန်းချုပ်နယ်မြေများအတွင်းသို့ ဓာတုပစ္စည်းများ တရားမဝင် တင်သွင်းနေပြီး ပြည်ပဓါတု ပညာရှင်များ၏ အကူအညီဖြင့် မူးယစ်ဆေးဝါးများချက်လုပ် နေကြပါကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအထူးစစ်ဆင်ရေးများကို (၄၀) ကြိမ် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Operation 39 ကို ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုပစ္စည်းနှင့် မူးယစ်ဆေးဝါးအမြောက်အမြားကို အောင်မြင်စွာ ဖမ်းဆီးရမိခဲ့ပါကြောင်း၊ သို့ဖြစ်၍ Operation 39/24 ကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းဖြန့်ကျက်နိုင်သော မူးယစ်ဆေးဝါး၏ သဘော သဘာဝကို အသိအမှတ်ပြုကာ အစိုးရများအကြား၊ အဖွဲ့အစည်းများအကြား၊ လူ့အသိုင်းအဝိုင်းများ အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းစေရန်နှင့် သက်သေအထောက်အထားအခြေပြု မဟာဗျူဟာများရေးဆွဲချမှတ် အကောင်အထည်ဖော်နိုင်ရန် မိမိတို့အနေဖြင့့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် မိမိတို့အကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထို့ပြင် အွန်လိုင်း လိမ်လည်မှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် လုပ်ကိုင်စေရေးအတွက် အတင်းအဓမ္မ တွန်းအားပေး လုပ်အားခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် လူကုန်ကူးမှုကျူးလွန်ခြင်းသည် လမ်းကြောင်းသစ်တစ်ရပ်အဖြစ် ပေါ်ထွက်လာနေပါကြောင်း၊ ကွန်ရက်ကို ခိုင်ခိုင်မာမာချိတ်ဆက် ထားသော ဒုစရိုက်ဂိုဏ်းအုပ်စုများသည် ဒေသအတွင်းတွင် ဆိုက်ဘာလိမ်လည်မှုစင်တာများကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှု များကို စဉ်ဆက်မပြတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကူညီရှာဖွေကယ်တင်ပေးနိုင်ရန် ပြည်ပ နိုင်ငံများမှ အကူအညီတောင်းခံထားသူများနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များအကြား ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိရာ ရလဒ်များအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်အထိ (၅၄၃၇၃) ဦး ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့အနက် (၅၂၁၆၄) ဦးကို တရုတ်နိုင်ငံသို့လည်းကောင်း၊ (၁၉၉၂) ဦးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့လည်းကောင်း ပြန်လည်လွှဲပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လေ့လာဆန်းစစ်ချက် အရ အဆိုပါကယ်ဆယ်ခံရသူများအနက် ၁၀ ရာခိုင်နှုန်းသာ တရားဝင် ဝင်ရောက်ကြသူများဖြစ်ပြီး ကျန် ၉၀ ရာခိုင်နှုန်းမှာ တရားမဝင် ဝင်ရောက်သူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို့ကို တားဆီးနှိမ်နင်းနိုင်ရန်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆိုပါပြစ်မှုများ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန်နှင့် ပြစ်မှုများလျော့နည်းပပျောက်စေရန်အတွက် နိုင်ငံတော် အစိုးရသည် "ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးရေးနှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (Action Task Force)" ကို ၂၀၂၄ ခုနှစ်၊ မတ်လတွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာ အာဏာပိုင်များသည် အဆိုပါအွန်လိုင်းအခြေပြုပြစ်မှုများတွင် ပါဝင်ပတ်သက်နေသူများအား ဖမ်းဆီး အရေးယူခြင်းဖြင့် ပြတ်ပြတ်သားသား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါဖမ်းဆီးရမိမှုဖြစ်စဉ် များအပေါ် စိစစ်ချက်အရ ပြည်ပနိုင်ငံသားများက အွန်လိုင်းလိမ်လည်သည့် ဂိုဏ်းအုပ်စုများ၏ နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေကြောင်း၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများသည် နိုင်ငံဖြတ် ကျော်သည့်သဘောသဘာဝရှိပါကြောင်း၊ ၎င်းတို့၏လုပ်ငန်းများကို နယ်စပ်ဖြတ်ကျော်ဖြန့်ခွဲလိုက် ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ တားဆီးနှိမ်နင်းမှုကို အလွယ်တကူ ရှောင်တိမ်း နိုင်ကြပါကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် အဆိုပါပြဿနာရပ်ကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အလို့ငှာ မူလနိုင်ငံများ၊ ဖြတ်သန်းနိုင်ငံများနှင့် ခရီးဆုံးနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ပြီး ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်ရာတွင် Common and Shared Responsibility "မူ" ကို အခြေပြုကြရမည်ဖြစ်ပါကြောင်း၊ အင်တာနက်နှင့် အွန်လိုင်းဆက်သွယ်ရေးနည်းပညာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသရွေ့ အွန်လိုင်းလိမ်လည်မှုများလည်း ရှိနေဦးမည်ဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုမရှိဘဲ အဖွဲ့အစည်းတစ်ခုတည်းက ဖြေရှင်းဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ အဖွဲ့အစည်းများ၏ ပူးပေါင်းမှုဖြင့် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများသည် နယ်စပ်ဖြတ်ကျော်သည့် သဘောသဘာဝရှိသောကြောင့် မိမိတို့အနေဖြင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုလိုအပ်ကြောင်း ဆွေးနွေးပါသည်။
    ထို့နောက် (၁၈)ကြိမ်မြောက် AMMTC အစည်းအဝေးတွင် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေးကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် သဘောတရားစာတမ်း ၂ ခု၊ လမ်းညွှန်ချက် ၂ ခု၊ လုပ်ငန်းလမ်းညွှန် ၁ ခု၊ ကြေညာချက် ၂ ခုနှင့် ပူးတွဲကြေညာချက် ၅ ခုတို့ကို ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။ 
    အစည်းအဝေးဒုတိယနေ့၊ ဩဂုတ်လ ၂၉ ရက်၊ နံနက် ၈ နာရီခွဲတွင် အာဆီယံဆွေးနွေးဖက် နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယားတို့နှင့် (၁၄)ကြိမ်မြောက် AMMTC + 3 အစည်းအဝေး၊ (၁၁)ကြိမ်မြောက် AMMTC + China အစည်းအဝေး၊ (၉)ကြိမ်မြောက် AMMTC + Japan အစည်းအဝေးနှင့် (၄)ကြိမ်မြောက် AMMTC + ROK အစည်းအဝေးတို့ကို အဆိုပါဟိုတယ်၌ ဆက်လက်ကျင်းပရာ (၉)ကြိမ်မြောက် AMMTC + Japan အစည်းအဝေးတွင် ဂျပန်နိုင်ငံကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားမှုအပေါ် မြန်မာကိုယ်စားလှယ်က တုံ့ပြန်ပြောကြားရာတွင် ယနေ့ပြုလုပ်သည့် အစည်းအဝေး၏ ရည်ရွယ်ချက်သည် နိုင်ငံဖြတ်ကျော် မှုခင်းများနှင့်စပ်လျဉ်း၍ မည်ကဲ့သို့ဖြေရှင်း ဆောင်ရွက်ရမည်ကို ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ အဆွေတော်၏ ယခုပြောကြားချက်သည် အခြားနိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြောဆိုခြင်း ဖြစ်၍ အစည်းအဝေး၏ရည်ရွယ်ချက်နှင့် လိုက်လျောညီထွေမရှိပါကြောင်း၊ အဆွေတော်တို့ ဂျပန် နိုင်ငံသည် အာဆီယံ၏လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရာမှ ဆွေးနွေးဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါကြောင်း၊ သို့ပါ၍ အဆွေတော်တို့အနေဖြင့် အာဆီယံပဋိဉာဉ်စာတမ်းနှင့် အာဆီယံ နိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်းအသေးစိတ်စီမံချက် (၂၀၂၅) တို့၌ ပြဋ္ဌာန်းဖော်ပြထားသော အခြေခံစည်းမျဉ်းများ၊ မူဝါဒများကို လေးစားလိုက်နာရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် “အခြား နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရ” ဟူသော အချက်ပင်ဖြစ်ပါကြောင်း၊ သို့ပါ၍ အဆွေတော်အနေဖြင့် ယခုအစည်းအဝေး၏ အဓိကရည်ရွယ်ချက်များအပေါ်၌သာ အာရုံပြု ပြောကြားပေးနိုင်ပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားခဲ့ပါသည်။ 
    (၁၈)ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများတွင် အတည်ပြုမည့် သဘော တရားစာတမ်းများ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ကြေညာချက်များအား ညှိနှိုင်းဆွေးနွေး နိုင်ရေးအတွက် အဆင့်မြင့်အရာရှိကြီးများ၏ ကြိုတင်ညှိနှိုင်းအစည်းအဝေးများဖြစ်သော နိုင်ငံဖြတ် ကျော်မှုခင်းများဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOMTC)၊ SOMTC + 3 ၊ SOMTC + China ၊ SOMTC + Japan နှင့် SOMTC + ROK တို့ကို ဩဂုတ်လ ၂၇ ရက်၊ နံနက် ၈ နာရီခွဲ တွင် အဆိုပါဟိုတယ်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံ SOMTC ခေါင်းဆောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ယာယီရဲမှူးချုပ် ကျော်ဇေယျ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။