အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးသည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကလည်းကောင်း၊ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း က လည်းကောင်း၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ် အဖွဲ့ကိုယ်စား ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်းကောင်း နှုတ်ခွန်းဆက်စကား များ ပြောကြားကြသည်။
ယင်းနောက် ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က တွေ့ဆုံ ဆွေးနွေးပွဲဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ လက်ရှိပကတိဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာကိစ္စရပ် များအား ဆွေးနွေးရာတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတည်ငြိမ် အေးချမ်းရေးကို ဦးစားပေးဆောင်ရွက်စေလိုသည့် အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင် ဒေသများအတွင်း ရွေးကောက်ပွဲများကျင်းပပြုလုပ်ရာ၌ လိုအပ်သည့် ပူးပေါင်းမှုများဆောင်ရွက်ပေးနိုင် မည့် အခြေအနေများနှင့်ပတ်သက်၍ မိမိတို့၏သဘောထားအမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ကျေးဇူးတင်စကားပြောကြားကာ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။