ဗဟိုဘဏ်၏အတိုးနှုန်း၊ ဘဏ်များကအပ်ငွေများအပေါ်ပေးသည့်အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့် အတိုးနှုန်းများ ပြင်ဆင်သတ်မှတ်ခြင်း

Wednesday, August 14, 2024 - 18:30

 

 

၁။      မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက်လျော့ကျစေရန်၊ ပြည်သူများအနေဖြင့် ဘဏ်အပ်နှံငွေပေါ်မှ အတိုးဝင်ငွေပိုမိုရရှိစေရန်၊ ဘဏ်များ၏ချေးငွေထုတ်ချေး နိုင်မှုပိုမိုလာပြီး စီးပွားရေးတိုးတက်မှုအားအထောက်အကူပြုစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဗဟို ဘဏ်အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ်ကောက်ခံ နိုင်သည့်အတိုးနှုန်းများကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်သည်-

(က)    ဗဟိုဘဏ်အတိုးနှုန်းအား လက်ရှိ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်သည်၊

( ခ)    ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်း နှင့် ချေးငွေများအားလုံးအတွက်ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း သတ်မှတ်သည်၊

( ဂ)    ဘဏ်များအနေဖြင့် မိမိတို့၏အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေ နှင့် ချေးငွေအတိုးနှုန်းများအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရန် ဖြစ် သည်။

၂။       နိုင်ငံတော်၏မူဝါဒအရ လက်ရှိထုတ်ချေးပေးလျက်ရှိသည့် အထူးချေးငွေများ၏အတိုးနှုန်းများ သည် ပြောင်းလဲမှုမရှိပါ။

၃။      ယခုအတိုးနှုန်းပြင်ဆင်ချက်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အကျိုး သက်ရောက်မည်ဖြစ်သည်။

 

 

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

                                                                                                  ၁၄.၈.၂၀၂၄