ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူတိုင်း အလုပ်သမားဝန်ကြီးဌာနတွင် ပြည်ပအလုပ် သမားအဖြစ်မှတ်ပုံတင်၍ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ရရှိမှသာ ပြည်ပသို့သွားရောက်လုပ်ကိုင်ကြရန် အသိပေးကြေညာချက်

Wednesday, August 14, 2024 - 18:30

၁။      ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ (ဆ)ရှိ ကြီးကြပ်ရေးအဖွဲ့ ၏ လုပ်ငန်းတာဝန်များတွင် “အလုပ်သမားများက ဤဥပဒေအရ မှတ်ပုံတင်ခြင်းမရှိဘဲ ပြည်ပ အလုပ်အကိုင် သွားရောက်လုပ်ကိုင်ခြင်းမပြုစေရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း” ဟူ၍လည်းကောင်း၊ ပုဒ်မခွဲ(ဈ) တွင် “အလုပ်သမားများအား ပြည်ပသို့မထွက်ခွာမီ စုံစမ်းစစ်ဆေး၍ အဖွဲ့ငယ်၏ စစ်ဆေးတွေ့ရှိချက်အရ ပြည်ပသို့ထွက်ခွာရန် မသင့်ကြောင်းတွေ့ရှိပါက ပိတ်ပင်ခြင်း” ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားပါသည်။

၂။       ပုဒ်မ ၉ ပုဒ်မခွဲ (က)တွင်“ပြည်ပအလုပ်အကိုင်ရှာဖွေသူသည် ဦးစီးဌာနကမှတ်ပုံတင်ရမည် ဟု သတ်မှတ်ထားသော ပြည်ပအလုပ်အကိုင် အမျိုးအစားတစ်ခုခုကို ရှာဖွေခြင်းဖြစ်ပါက ပြည်ပ အလုပ်အကိုင်ရှာဖွေသူအဖြစ် ဦးစီးဌာနတွင် မှတ်ပုံတင်ရမည်” ဟု ပြဋ္ဌာန်းထားပါသည်။

၃။      ပုဒ်မ ၁၀ ပုဒ်မခွဲ (ခ) တွင် ဦးစီးဌာနသည် “အလုပ်သမားအား ပြည်ပသို့မထွက်ခွာမီ မှတ်ပုံတင်ပေးပြီးကြောင်း အထောက်အထား သက်သေခံလက်မှတ် ထုတ်ပေးရမည်” ဟု ပြဋ္ဌာန်း ထားပါသည်။

၄။      ပြည်ပနိုင်ငံများသို့အကြောင်းအမျိုးမျိုးဖြင့် သွားရောက်နိုင်ရန်အတွက် လျှောက်ထားရမည့် နိုင်ငံကူးလက်မှတ်အမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    အလည်                  (Passport for Visit – PV)                      

          (ခ)     အလုပ်                    (Passport for Job – PJ)                                 

          (ဂ)     ပညာသင်                (Passport for Education - PE)              

          (ဃ)    စီးပွားရေး                (Passport for Business – PB)                

          (င)     ဘာသာရေး              (Passport for Religious – PR)                         

          (စ)     မှီခို                         (Passport for Dependent – PT)

          (ဆ)    သင်္ဘောသား             (Passport for Seaman - PS)       

၅။      ပြည်ပသို့အလုပ်လုပ်ကိုင်ရန်အတွက် သွားရောက်မည့်သူများသည် နိုင်ငံကူးလက်မှတ် အမျိုးအစားကို အလုပ်အကိုင်အတွက် ထုတ်ပေးသည့် (Passport for Job - PJ) အမျိုးအစား လျှောက်ထားရန်လိုအပ်မည်ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနတွင် မဖြစ်မနေ မှတ်ပုံတင်၍ ပြည်ပသို့သွားရောက်လုပ်ကိုင်ရန် လိုအပ်ပါသည်။

၆။      ယခုအခါ ပြည်ပနိုင်ငံများသို့ အလည်ဗီဇာဖြင့် သွားရောက်လည်ပတ်နိုင်ရန်ထုတ်ပေးသည့် (Passport for Visit – PV) အမျိုးအစားကိုင်ဆောင်သူများသည် အလည်အတွက် မဟုတ်ဘဲ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူ၍ ပြည်ပသို့သွားရောက်လုပ်ကိုင်လျက်ရှိကြပြီး ပြည်ပတွင် အခက်အခဲပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ပါက ကူညီဖြေရှင်းဆောင်ရွက်ပေးရန် အခက်အခဲများ ကြုံတွေ့ရလျက်ရှိပါသည်။

၇။      သို့ပါ၍ နိုင်ငံကူးလက်မှတ် (Passport for Visit – PV) အမျိုးအစားကိုင်ဆောင်၍ အလုပ် အကိုင်ဗီဇာများ လျှောက်ထားရယူပြီး ပြည်ပသို့ထွက်ခွာရာတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နယ်စပ်ဂိတ်များမှ စိစစ်တားမြစ်ခြင်းများခံရပါက မလိုလားအပ်သည့် ဆုံးရှုံးမှုများမဖြစ်ပေါ်စေ ရေးအတွက် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်ရန် ရည်ရွယ်ထားရှိပါက နိုင်ငံကူးလက်မှတ် စတင်လျှောက်ထားရာတွင် (Passport for Job- PJ) အမျိုးအစားကို လျှောက်ထားရယူရန် အလုပ်သမားဝန်ကြီးဌာနတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံ တင်ပြီး ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားရယူကာ တရားဝင် သွားရောက်လုပ်ကိုင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 

                                                                                      အလုပ်သမားဝန်ကြီးဌာန