နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်-ကျောက်တန်း သီလဝါဆိပ်ကမ်းဧရိယာရှိ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်မှ ကြီးကြပ်စီမံခန့်ခွဲလျက်ရှိသည့် သီလဝါဆိပ်ကမ်း တံတားများနှင့် မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်၊ ရန်ကုန်မြို့ရှိ ဝန်ကြီးဌာနလက်အောက်မှ ဦးစီးဌာနများအား လှည့်လည်ကြည်ရှု စစ်ဆေးသည်။
ရှေးဦးစွာ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဝါဆိပ်ကမ်းဧရိယာရှိ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း-သီလဝါ (Myanmar International Terminal Thilawa- MITT) သို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ထွန်းလွင်မှ သီလဝါဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုဆိုင်ရာ အချက်အလက် များကို ရှင်းလင်းတင်ပြခြင်း၊ MITT ဆိပ်ကမ်းနှင့် အခြား ဆိပ်ကမ်းတံတား ကုမ္ပဏီများမှ တာဝန်ရှိ သူများ၏ လုပ်ငန်းဆိုင်ရာကိစ္စရပ်များ တင်ပြခြင်းများအပေါ် ပြည်ထောင်စုဝန်ကြီးက ရေကြောင်း ကုန်သွယ်မှုသည် နိုင်ငံ့လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောရိုးမဏ္ဍိုင်ဖြစ်၍ ရေကြောင်း ကုန်သွယ်မှုများ လွယ်ကူအဆင်ပြေချောမွေ့စေရန် အစိုးရဌာနအဖွဲ့အစည်းများက လုပ်ထုံးလုပ်နည်း များဖြေလျော့ ပံ့ပိုးပေးနေသကဲ့သို့ ဆိပ်ကမ်းအာဏာပိုင်နှင့်အတူလက်တွဲ ဝန်ဆောင်မှုပေးနေကြ သည့် ပုဂ္ဂလိကဆိပ်ကမ်းတံတားများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးပါသဖြင့် နိုင်ငံတကာ နှင့် ဒေသတွင်း ဖြစ်ပေါ်ပြောင်းလဲမှုများကို မျက်ခြည်မပြတ် စောင့်ကြည့် လေ့လာသုံးသပ်ပြီး အစိုးရ-ပုဂ္ဂလိက အကျိုးမျှတစွာဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထား ဆောင်ရွက်ကြရန် မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် MITT ဆိပ်ကမ်းတံတား၏ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်ကိုင်တွယ်နိုင်မှုနှင့် ဆိုက်ကပ်လာသည့် သင်္ဘောများပေါ်မှ ဓါတ်မြေဩဇာများ ချယူနေမှု၊ Wilmar Myanmar ဆိပ်ကမ်းတံတား၌ စားသုံးဆီနှင့် ကောက်ပဲသီးနှံ ကိုင်တွယ်နိုင်မှုနှင့် သင်္ဘောများပေါ်သို့ ပြောင်းဆန်ပို့ကုန်များ တင်ဆောင်နေမှု၊ Thilawa MPA International Terminal (TMIT) ဆိပ်ကမ်းတံတား၏ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်ကိုင်တွယ်နိုင်မှု၊ ပိတောက်ရွှေဝါ ကုမ္ပဏီ စက်သုံးဆီဆိပ်ခံတံတား၏ စက်သုံးဆီ ချယူဖြန့်ဖြူးမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံလျင်မြို့ရှိ မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်၊ အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့၊ သင်ကြားရေး ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသော ရေကြောင်း ပညာရပ်များ သင်ကြားပို့ချ၊ လေ့ကျင့်ပေးနိုင်ရေး၊ တက္ကသိုလ်သို့ လာရောက် ပညာသင်ကြားနေ ကြသည့် ကျောင်းသားကျောင်းသူများ နေထိုင်မှု၊ သင်ကြားမှု၊ လေ့ကျင့်မှုတို့တွင် အဆင်ပြေချောမွေ့ စေရေး၊ အမျိုးသားရေးစိတ်ဓါတ်ပြည့်ဝသည့် အနာဂတ်မျိုးဆက်သစ်များအဖြစ် ပျိုးထောင်ပေး နိုင်ရေးတို့ကို လမ်းညွှန်မှာကြားပြီးနောက် တက္ကသိုလ်၏ ခေတ်မီစာကြည့်တိုက်၌ စီစဉ်ပေးထား သော e-Libruary စနစ်၊ စာအုပ်စာတမ်းများ ထိန်းသိမ်းကိုင်တွယ်မှုစနစ်များကို စစ်ဆေးခြင်း၊ ရေကြောင်းဆိုင်ရာ လေ့ကျင့်ရေး Simulator ခန်း၏ လက်တွေ့လေ့ကျင့်သင်ကြားမှု စနစ်တို့ကို ကြည့်ရှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား မြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် ရန်ကုန်မြို့၌အခြေစိုက်သော ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ အကြီးအမှူးများနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ ဝန်ထမ်းများအားလုံး နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ အမျိုးသားရေးစိတ်ဓါတ်ကို အခြေခံပြီး ဝန်ထမ်း ကျင့်ဝတ်နှင့် အညီ တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်နိုင်ကြရေး၊ ရုံးခန်းများ၊ ရုံး အဆောက်အဦနှင့် ရုံးပတ်ဝန်းကျင်တို့ကို သန့်ရှင်းသပ်ရပ်၊ စနစ်တကျရှိစေရေး၊ မျိုးဆက်သစ် ဝန်ထမ်းငယ်များ ကိုလည်း ဌာန၏ဘာသာရပ်ဆိုင်ရာ စာတမ်း၊ စာပေများကို ဖတ်ရှု၊ လေ့လာ ဆည်းပူးမှတ်သား၍ အရည်အချင်းပိုမိုပြည့်ဝသူများဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရေး၊ ဌာန၏လုပ်ငန်း တာဝန်များကို အဖွဲ့စနစ် (Team Work) ဖြင့် ဖြေရှင်းဆောင်ရွက်တတ်စေရေး တို့ကို လမ်းညွှန်မှာ ကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗိုလ်တထောင်မြို့နယ်ရှိ ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနရုံးသို့ ရောက်ရှိကာ တာဝန်ရှိသူများက Integreted Vessel Monitoring and Tracking System ဆိုင်ရာတင်ပြမှုအပေါ် အခြားဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အကျိုးရှိစွာ အသုံးချရေး မှာကြားပြီး ဝန်ထမ်းများအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်သည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပုဇွန်တောင်မြို့နယ်ရှိ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ရုံးအဆောက်အဦနှင့် ရုံးခန်းများကို ကြည့်ရှုစစ်ဆေးခြင်း၊ ပုဇွန်တောင်ချောင်း ကမ်းပါးတွင် ဌာနပိုင်ရေကြောင်းပြရေယာဉ်များနှင့် သောင်တူးသင်္ဘောများ လွန်းတင်ပြင်ဆင်နိုင်ရေး တိုးချဲ့တည်ဆောက်နေသည့် ဘိုးပိုင်အခြေပြု သံကူကွန်ကရစ်လွန်းကျင်း လုပ်ငန်းခွင် အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန