ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများ၊ မိသားစုများနှင့် တွေ့ဆုံအမှာစကားပြောကြာ

Wednesday, May 26, 2021 - 21:45

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများ၊ မိသားစုများနှင့် တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မေ ၂၆

          ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်နေ့ မနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ရောက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်ကာ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။

          တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့ရသည့် အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များ၊  နယ်မြေအတွင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ၊ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ရမည့်အခြေအနေများနှင့် မိသားစုသက်သာချောင်ချိရေး ကိစ္စရပ်များကို အသေးစိတ် မှာကြားကာ တပ်ဖွဲ့ဝင်နှင့် မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများအား ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

          ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် လွိုင်ကော်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်ကာ ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် နယ်မြေခံပြည်သူလူထုများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား တွေ့ဆုံအားပေးနှစ်သိမ့်ကာ အသုံးအဆောင်ပစ္စည်းများ၊ ထောက်ပံ့ငွေများအား တစ်ဦးချင်းလက်ဝယ်သို့ ပေးအပ်ပြီး နယ်မြေခံတပ်မတော်ဆေးရုံတာဝန်ခံသို့ ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာများအတွက် ဖြည့်စွက်အဟာရကျွေးမွေးနိုင်ရေး သီးခြား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လွိုင်ကော်မြို့၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးရှိ စုပေါင်းခန်းမတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိသားစုဝင်များအား တွေ့ဆုံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များချမှတ်၍ လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိမဲစာရင်း စစ်ဆေးတွေ့ရှိမှုနှင့် နေ့စဉ်သတင်းထုတ်ပြန်နေမှုများ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ နိုင်ငံတော်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ လုံခြုံရေး ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် ကိစ္စရပ်များနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စည်းလုံးညီညွတ်စွာ လုပ်ငန်း ဆောင်ရွက်ကြပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ အသေးစိတ် မှာကြားခဲ့ပါသည်။

          ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဦးစီးဌာနများရှိ မိသားစုများအတွက် အခြေခံစားကုန် ပစ္စည်းများနှင့် ငွေကြေးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။