MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝ လက်မခံကြောင်းနှင့် ပြင်းထွန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အသင်းအဖွဲ့များမှ သဘောထားများ  ထုတ်ပြန် နေပြည်တော်၊ ၂၀၂၄ ဩဂုတ်လ - ၅ ရက်

Monday, August 5, 2024 - 18:15

MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း တိုက်ပွဲများဖော်ဆောင်ပြီး စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံအား ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေကြသည့် ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကိုလည်း အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ထို့ပြင် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် စစ်ရေးနှင့် မသက်ဆိုင် သည့် လားရှိုးမြို့အတွင်း ရပ်ကွက်များသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး ကျန်ရှိသည့် ဒေသခံပြည်သူများမှာလည်း ယာယီနေရပ်စွန့်ခွာနေရကြောင်း သိရှိရသည်။

ယခုကဲ့သို့ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု(War Crime) မြောက်သည့် လူမဆန်စွာရက်စက် ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ် များကို လုံးဝလက်မခံကြောင်းနှင့် ပြင်းထွန်စွာ ကန့်ကွက်ရှုတ်ချကြောင်းကို ယနေ့တွင် အသင်းအဖွဲ့များဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း(ဗဟို)၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံမသန်စွမ်း သူများအသင်းချုပ်၊ မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံသတ္တုလုပ်ငန်း ရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့တို့က သဘောထားများ အသီးသီး ထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။