လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ‌ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းသည့်သတင်း နေပြည်တော်၊ ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ(၄) ရက်

Sunday, August 4, 2024 - 16:30

            စွန့်လွှတ်စွန့်စားလိုသည့် စိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြ သည့် ‌ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက် ရှိပါသည်။

          ထိုသို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ‌ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ယခုလ(၂)ရက် နေ့လည်ပိုင်းတွင်  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စေတနာ ၊ မေတ္တာအပြည့်ဖြင့် စားသောက် ဖွယ်ရာများကို  ပေးပို့နိုင်ရေး စိတ်အားထက်သန်စွာဖြင့် စုပေါင်းပြီး ပြင်ဆင်ထုပ်ပိုး ဆောင်ရွက်နေမှုကို ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၊ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြည့်ရှု အားပေးခဲ့ပါသည်။

            လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ‌ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လက်ဘက်အကြော် ၊ ခေါက်ဆွဲခြောက်  ၊ နန်းမြိုင်ကော်ဖီ ၊ တီးမစ် ၊ ငါးတန်အချိုပေါင်း ၊ ပဲထောပတ် ၊ ငါးပိကြော် ၊ ကြက်အာလူး ၊ ငါးနီတူခြောက်ကြော် ၊ အာဗြဲ ခြောက်ကြော် ၊ ဂျူးမြစ်/ပဲပုတ်/မြေပဲကြော် ၊ ငံပြာရည် ကြော် ၊ စုစုပေါင်း အစားအသောက် (၁၂)မျိုးကို ပေးပို့လှူဒါန်းခဲ့ကြပါသည်။

            ထို့အပြင် နိုင်ငံတော်လုံခြုံရေး ၊ နယ်မြေကာကွယ်ရေးအတွက် အသက်ကို ပဓာန မထားဘဲ စွန့်လွှတ်စွန့်စားကာ  ရဲရင့်စွာဖြင့် တိုက်ပွဲဝင်နေကြသည့် တပ်မ‌တော်သား များအတွက် စိတ်ဓာတ်ခွန်အား ၊ နိုးကြားတက်ကြွစေရန် ကျန်းမာပါစေ ၊ ဘေးအန္တရာယ် ကင်းပါစေ ၊ တရားသောစစ်အောင်မြင်ပါစေ အစရှိသည့် ဆုတောင်းမေတ္တာ စာလွှာများကိုလည်း ထည့်သွင်းပေးပို့ခဲ့ကြပါသည်။

            လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာ(၁၂)မျိုး အတွက် စုစုပေါင်းတန်ဖိုးငွေကျပ်(၁,၂၀၀,၂၅၀၀) (ကျပ်တစ်ရာ့နှစ်ဆယ်သိန်းနှစ်ထောင့်ငါးရာ တိတိ)ကို ယခုလ(၃)ရက် နေ့လည်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်သို့ သွားရောက် ပေးပို့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။