ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်ရှိ ရပ်ကွက်တစ်ခုကို လူငယ် ၃၀ စီ စစ်သင်တန်းတက်ရောက်ရန် တပ်မတော်က အဓမ္မတောင်းခံနေသည့်အတွက် မွတ်ဆလင်လူငယ်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားနေကြောင်း မီဒီယာ အမည်ခံ AA အကြမ်းဖက်အဖွဲ့၏ လူမှုကွန်ရက်များတွင် မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း သိရှိရပြီး AA အကြမ်းဖက်သမားများက ရခိုင်ပြည်နယ်၊ မောင်တော မြို့အား တိုက်ခိုက်ရာတွင် စစ်ရေးနှင့်မသက်ဆိုင်သည့် မြို့/ရွာများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ပြည်သူများက ထိုသို့အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့် AA အကြမ်းဖက် သမားများကို လက်မခံကြောင်း ဆန့်ကျင်ကန့်ကွက်လျက်ရှိပါသည်။ ထို့သို့ AA အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် တရားမဝင်ပြည်ဖျက် မီဒီယာများက ဒေသခံပြည်သူများ အထင်အမြင်လွဲမှားလာစေရန် ယခုကဲ့သို့ မဟုတ်မမှန်လုပ်ကြံသတင်းများရေးသားပြီး ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။