ဒီးမော့ဆိုနှင့် မိုးဗြဲမြို့တို့ရှိ ရဲစခန်းများအား လက်နက်ကိုင်သောင်းကျန်းသူနှင့် အကြမ်းဖက် ဆူပူသောင်းကျန်းသည့်အဖွဲ့များက လူနေအိမ်များ၊ အုပ်ချုပ်မှုအဆောက်အဦများနှင့် ဘာသာရေး အဆောက်အဦများကို အကာအကွယ်ပြု၍ လာရောက် တိုက်ခိုက်
နေပြည်တော်၊ မေ - ၂၆
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ ဝင်များသည် ဧပြီလ ၃၀ ရက်နေ့၌ ဖရူဆိုမြို့ရှောင်လမ်းဆုံတွင် တွေ့ရှိရသည့် မသင်္ကာဖွယ်ရာ အမျိုးသား ၇၄ ဦးတို့အား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုထံတွင် သင်တန်းတက်ရောက်ခဲ့သည့် အထောက်အထားများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ သဖြင့် ပြည်နယ်အတွင်း လိုအပ်သည့် လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း လက်နက်ကိုင်ဆူပူမှုများ နှင့် ပတ်သက်၍ အားပေးခြင်း၊ ကူညီခြင်းများ မပြုလုပ်ဘဲ အေးချမ်းစွာနေထိုင်ရန် သတိပေးခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြို့၊ ရွာ လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိစဉ် မေလ ၂၁ ရက် ညနေ ၃ နာရီခန့်တွင် ဒီးမော့ဆိုမြို့ရှိ မြို့မရဲစခန်းအား လက်နက်ကိုင် သောင်းကျန်းသူနှင့် အကြမ်းဖက်ဆူပူသောင်းကျန်းသည့် ပူးပေါင်းအဖွဲ့များက ရဲစခန်း၏ အရှေ့ ဘက်ရှိ ထေရဝါဒတောင်တန်းသာသနာပြု ဘုန်းကြီးကျောင်းအတွင်းမှတစ်ဆင့် လက်ပစ်ဗုံးများ၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်ခဲ့ရာ လက်နက်ကိုင်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ထို့အပြင် ဘောလခဲမြို့နယ်ရှိ နမ့်ဖဲရဲကင်းစခန်းကို လက်နက်ကိုင် သောင်းကျန်းသူ အင်အား ၃၀ ဦးခန့်က ရဲကင်းစခန်း၏ အရှေ့ဘက်နှင့် တောင်ဘက် တို့ရှိ လူနေရပ်ကွက် များအတွင်းမှတစ်ဆင့် လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်ခဲ့ ရသည်။
မေလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲရဲကင်းစခန်းအား လက်နက်ကိုင်သောင်းကျန်းသူနှင့် အကြမ်းဖက်ဆူပူသောင်းကျန်းသည့်အဖွဲ့ ပူးပေါင်းအင်အား ၇၀ ဦးခန့်က ရဲစခန်း၏ တောင်ဘက်နှင့် အနောက်တောင်ဘက်တို့ရှိ ပွဲကုန်းရပ်ကွက်နှင့် ပေါ်ဦးရပ်ကွက်တို့ရှိ လူနေအိမ်တိုက်များအပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်စီးနင်း တိုက်ခိုက်ခဲ့သည့်အပြင် မိုးဗြဲဆည် အတွင်း မှလည်း စက်လှေ ၃ စီးဖြင့် လာရောက်၍ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့သည်။ လွိုင်ကော်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ကူပစ်ကူ ပေးနိုင်ရေး မိုးဗြဲသို့ ချီတက် ပူးပေါင်းခဲ့သော်လည်း ချီတက်ရာ လမ်းကြောင်း တစ်လျှောက်တွင် ဖြတ်တောက် ပိတ်ဆို့ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သောကြောင့် မိုးဗြဲစခန်းမှ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အင်အား ချင်း မမျှသဖြင့် စခန်းအား စွန့်ခွာခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် အချို့ကျဆုံး ခဲ့ကြောင်းနှင့် အချို့ပျောက်ဆုံးခဲ့ကြောင်း သိရှိရသည်။
တစ်ချိန်တည်းတွင် မိုးဗြဲမြို့၏ အရှေ့ဘက် ကီလိုမီတာ ၂၅၀၀ ခန့်အကွာရှိ ဝါရီကောခူ လုံခြုံရေးပူးပေါင်းစခန်းကိုလည်း လက်နက်ကိုင်သောင်းကျန်းသူနှင့် အကြမ်းဖက်ဆူပူသောင်း ကျန်းသည့်ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။
မိုးဗြဲသို့ စစ်ကူသွားရောက်ခဲ့ပြီး လွိုင်ကော်သို့ ပြန်လည်ချီတက်လာသည့် နယ်မြေခံတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း လွိုင်ကော်-ဒီးမော့ဆို သွား ကားလမ်းဘေးရှိ လူနေအိမ်များ၊ လမ်းကြားများမှ နှောင့်ယှက်ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သည့်အပြင် နွားလပို့လမ်းဆုံအနီးသို့ အရောက်၌ ကယန်းသာယာ ရွာအတွင်းမှ လက်နက်ကိုင် သောင်းကျန်းသူများက လူနေအိမ်များကို အကာ အကွယ်ပြု၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် နှောင့်ယှက် ဟန့်တားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ လက်နက်ကိုင် သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဖြစ်စဉ်တွင် ကယန်းသာယာ ရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အတွင်းမှ ၎င်းတို့ အသုံးပြုပစ်ခတ်ခဲ့သည့် ၄၀ မမ ကျည်ခွံများ၊ အေကေ -၄၇ ၊ အမ် - ၁၆ ကျည်ခွံများနှင့် လက်နက်ကိုင် သောင်းကျန်း သူ အင်အား ၁၀၀ ဦးခန့် အခြေပြု နေထိုင်ခဲ့သည် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
မေလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ဒီမော့ဆိုမြို့မရဲစခန်းအား လက်နက် ကိုင်သောင်းကျန်းသူနှင့် အကြမ်းဖက်ဆူပူသောင်းကျန်းသည့်ပူးပေါင်းအဖွဲ့ က ရဲစခန်း၏ မြောက်ဘက်ရှိ ဆေးရုံ၊ အရှေ့ဘက်ရှိ အထက်တန်း ကျောင်း၊ တောင်ဘက်ရှိ ဘုန်းကြီးကျောင်း၊ အနောက်ဘက်ရှိ ဘောလုံးကွင်း၊ ပညာ ရေးမှူးရုံး တို့အတွင်းမှ လူနေရပ်ကွက်အား အကာအကွယ်ပြု၍ ဝိုင်းပတ်ပိတ်ဆို့လာခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြံ့ကြံ့ခံ ပြန်လည် ခုခံတိုက်ခိုက်နိုင်ခဲ့သည်။
မေလ ၂၅ ရက် နံနက်ပိုင်းတွင်လည်း လက်နက်ကိုင်သောင်းကျန်းသူ အင်အား ၂၀၀ ဦးခန့်က ဒီးမော့ဆိုမြို့မရဲစခန်းအား လူနေအိမ်များ၊ အုပ်ချုပ်ရေး အဆောက် အဦများ၊ ဘာသာ ရေးအဆောက်အဦများကို အကာအကွယ်ပြု၍ အင်အားအလုံးအရင်းဖြင့် ထပ်မံလာရောက် ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်လာခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ တိုက်ခိုက်ခဲ့မှု ကြောင့် လက်နက်ကိုင်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ပြောက်ကျား ယူနီဖောင်းဝတ် လက်နက်ကိုင်သောင်းကျန်းသူ အလောင်းများနှင့် အေကေ - ၄၇ ၊ အမ် -၁၆ အမျိုးအစား လက်နက် အချို့နှင့်ဆက်စပ် ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်။
ထိုသို့ လာရောက်ပစ်ခတ်စဉ် ဒီးမော့ဆိုမြို့မရဲစခန်းသို့ စစ်ကူပေးရန် လာရောက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း လက်နက်ကိုင်သောင်းကျန်း သူနှင့် အကြမ်းဖက် ဆူပူသောင်းကျန်းသည့် ပူးပေါင်းအဖွဲ့က ၆ မိုင်ရွာအနီးနှင့် ငွေတောင်ဆည် တာဘောင်ပေါ်မှ နေရာယူပိတ်ဆို့ဟန့်တား၍ လမ်းဘေးဝဲ၊ ယာ လူနေအိမ်များအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်လာသဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ဒီးမော့ဆို မြို့မရဲစခန်းပတ်ဝန်းကျင်တစ်ဝိုက်၌ ယနေ့ညနေပိုင်းတွင် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ဘုန်းကြီးကျောင်းခြံစည်းရိုးနှင့် လူနေအဆောက်အဦ များအကြားတွင် လက်နက်ကိုင်သောင်းကျန်းသူ ၃ ဦး၏ အလောင်းအား M-22 မောင်းပြန်ရိုင်ဖယ် ၂ လက်၊ ဘီအေ-၆၃ (၁) လက်၊ လက်လုပ်မိုင်း ၄ လုံး၊ ဒီတိုနေတာ ၁၀ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့သည်။
လက်နက်ကိုင်သောင်းကျန်းသူနှင့် အကြမ်းဖက်ဆူပူသောင်းကျန်းသည့် ပူးပေါင်း အဖွဲ့များသည် လူနေအိမ်များ၊ အုပ်ချုပ်မှု အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများကို အကာအကွယ်ပြု၍ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် မြို့၊ ရွာ လုံခြုံရေးလုပ်ငန်း များဆောင်ရွက်နေသည် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ရည်ရွယ်ချက်ရှိရှိ လာရောက်တိုက်ခိုက်ခဲ့ကာ မြို့တွင်းတိုက်ပွဲ အသွင် လုပ်ဆောင်လာခဲ့သော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် မြို့တွင်း တိုက်ပွဲ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း(ROE)ပါ မိမိကိုယ်ကို ခုခံပိုင်ခွင့် စည်းမျဉ်း သတ်မှတ်ချက်များနှင့် အညီသာ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရှိ ရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်သူများ ဝင်ရောက်နေထိုင် လှုပ်ရှားမှုမရှိစေရေး နေ့ညမပြတ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ တည်ငြိမ်အေးချမ်းစွာနေထိုင်လိုသော ပြည်သူများအနေဖြင့်လည်း ပါဝင် ပူးပေါင်းဆောင်ရွက် သွားရန်လိုကြောင်းနှင့် အကြမ်းဖက်မှုများကို အားပေးသူများနှင့် ပါဝင်ကျူးလွန်သူများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။