ရေဘေးကြိုတင်ရွှေ့ပြောင်းသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ‌ ပေးအပ် နေပြည်တော်၊ ဩဂုတ် ၁ ရက်

Thursday, August 1, 2024 - 15:30

            ဧရာဝတီတိုင်းဒေသကြီး၊ကျောင်းကုန်းမြို့၊အမှတ်(၂)ရပ်ကွက်၊ ပြည်လုံးချမ်းသာ ဘုရားဝန်းအတွင်းတွင် ရေဘေးအန္တရာယ်ရှိသည့်နေရာများမှ ကြိုတင်ပြောင်းရွှေ့ ရောက်ရှိလာသည့်  အိမ်ထောင်စုများအား ယနေ့မွန်းလွဲပိုင်းတွင်  အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်  ဝေလင်းနှင့် အဖွဲ့ဝင်များက သွားရောက် တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

            ဦးစွာ တိုင်းမှူးက ရေဘေးကြိုတင်ရွှေ့ပြောင်းသည့် ပြည်သူများအား အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဒက္ခိဏာရာမရွှေကျင်ပရိယတ္တိစာသင်တိုက်ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

             အလားတူဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးများအဆက်မပြတ်သည်းထန်စွာ  ရွာသွန်းမှုကြောင့် ငဝန်မြစ်ရေမှာ မြင့်တက်လာခဲ့ပြီး ကျောင်းကုန်းမြို့ပေါ်ရပ်ကွက် များနှင့် ပတ်ဝန်းကျင်ကျေးရွာများအတွင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ အဆိုပါနေရာများသို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ သွားရောက်၍ ရေဘေးသင့် အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နိုင်ရေး ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။