တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တရားမဝင် အကောက်ခွန်မဲ့ တင်သွင်းရောင်ချခဲ့သည့် မော်တော်ဆိုင်ကယ်များ သိမ်းဆည်းရမိမှုနှင့် တရားမဝင် မော်တော်ယာဉ်များ သိမ်းဆည်းရမိမှု သတင်းထုတ်ပြန်ခြင်း

Wednesday, May 26, 2021 - 15:30

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တရားမဝင် အကောက်ခွန်မဲ့ တင်သွင်းရောင်ချခဲ့သည့် မော်တော်ဆိုင်ကယ်များ သိမ်းဆည်းရမိမှုနှင့် တရားမဝင် မော်တော်ယာဉ်များ သိမ်းဆည်းရမိမှု သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ မေ ၂၆

             နိုင်ငံတော်အတွင်း တရားမဝင် အကောက်ခွန်မဲ့ တင်သွင်းလာသော တရားမဝင် မော်တော် ဆိုင်ကယ်များကို ရောင်းချလျက်ရှိသည့် အရောင်းဆိုင်/ အရောင်းပြခန်းများမှ တရားမဝင် အကောက်ခွန်မဲ့ မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးအရေးယူနိုင်ရေး အဓိကဦးတည်ပြီး ၂၀၂၁ ခုနှစ်၊ မေလ (ပထမပတ်) မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ တရားမဝင် အကောက်ခွန်မဲ့မော်တော်ဆိုင်ကယ် (၉၈၇)စီး သိမ်းဆည်းရမိခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

             နိုင်ငံတော်အတွင်း ပြစ်မှုကျူးလွန်သူများအနေဖြင့်လည်းကောင်း၊ ပြစ်မှုကျူးလွန်ရန် ကြိုတင် ကြံစည်စီမံသူများ အနေဖြင့်လည်းကောင်း တရားမဝင် မော်တော်ယာဉ်များကို တွင်တွင်ကျယ်ကျယ် အသုံးပြု၍ ပြစ်မှုကျူးလွန်ဆောင်ရွက်လာကြသည် ဖော်ထုတ်တွေ့ရှိရခြင်းများကြောင့်လည်းကောင်း၊ တရားမဝင် မော်တော်ယာဉ် အသုံးပြုသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုပါ လိုက်နာမှုမရှိသောကြောင့် ဥပဒေနှင့်အညီ တရားဝင်မော်တော်ယာဉ် အသုံးပြုသွားလာနေသော ပြည်သူလူထုအပေါ် စိတ်အနှောင့်အယှက် ဖြစ်ပေါ်စေခြင်းများကြောင့်လည်းကောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ထိခိုက်လာသည့် ဆိုးကျိုးများအရလည်းကောင်း၊ တရားမဝင် မော်တော်ယာဉ် အသုံးပြုမှုများအား ဖမ်းဆီးနိုင်ရေးအတွက် စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများကို မေလ (တတိယပတ်)အတွင်းမှ စတင်၍ ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ တရားမဝင်မော်တော်ယာဉ် (၃၅) စီး သိမ်းဆည်းရမိခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

             ထိုကဲ့သို့ တရားမဝင်အကောက်ခွန်မဲ့ မော်တော်ဆိုင်ကယ်များ တင်သွင်းရောင်းချမှုများနှင့် တရားမဝင်မော်တော်ယာဉ် အသုံးပြုခြင်းများအား စစ်ဆေးဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။