နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက်၏ နိုင်ငံတော်ဈာပန အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ စစ်သံမှူးနှင့် သံရုံးမှ တာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ် ဆက်ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ အမျိုးသားဈာပနခန်းမတွင် ယာယီထားရှိသော ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက်၏ ရုပ်အလောင်းအား လွမ်းသူ့ပန်းခွေချခြင်း၊ ဂါရဝပြုခြင်းနှင့် ဝမ်းနည်းကြောင်းမှတ်တမ်းတွင် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Senior Lieutenant General Le Huy Vinh (လဲ့ ဟွေး ဗင့်) နှင့် သီးသန့်တွေ့ဆုံခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ H. E. Mr. To Lam ထံ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက် ကွယ်လွန်ခြင်းအတွက် ထပ်မံပေးပို့ လိုက်သော ဝမ်းနည်းကြောင်း သဝဏ်လွှာအား ပေးအပ်ခဲ့သည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းတွင် ဟနွိုင်း မြို့ရှိ အမျိုးသားဈာပနခန်းမ၌ ကျင်းပပြုလုပ်သည့် အောက်မေ့ဖွယ် အခမ်းအနားသို့ တက်ရောက် ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ H. E. Mr. To Lam က ကွယ်လွန်သူ သက်ရှိထင်ရှားရှိစဉ်အတွင်း နိုင်ငံကောင်းကျိုးအတွက် စွမ်းစွမ်းတမံ ထမ်းရွက်ခဲ့မှုများ ကို ပြန်ပြောင်းသတိရလျက် ချီးကျူးဂုဏ်ပြုစကား မြွက်ကြားခဲ့သည်။
ထို့နောက် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက်၏ ရုပ်အလောင်းအား မီးသင်္ဂြိုလ်မည့်နေရာသို့ လိုက်ပါပို့ဆောင်ခဲ့သည်။
အဆိုပါ ဈာပနအခမ်းအနားသို့ ပြည်ပနိုင်ငံပေါင်း (၂၇) နိုင်ငံမှ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက်ခဲ့ပြီး သံရုံးဝန်ထမ်းများ၊ စစ်သံစစ်မှုထမ်းများ၊ သင်တန်းသားအရာရှိများ၊ သံရုံး/စစ်သံရုံးမှ မိသားစုဝင်များနှင့် တွေ့ဆုံအမှာစကား ပြောကြားကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။