နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဝင်များနှင့် ဇနီးများက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်
နေပြည်တော်၊ မေ - ၂၅
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သော ယနေ့တွင်ကျရောက်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်မြောက်ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင် တော် များအား (၁၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားအား ယနေ့ ညနေပိုင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က မဟာဗောဓိ ညောင်ပင်များကို ညောင်ရေ သွန်း လောင်းပူဇော်ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊ အတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်း ရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်ဇနီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်ဇနီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်း အဖွဲ့များတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်ရန် နေရာယူကြရာ အခမ်းအနားမှူးက မဟာဗောဓိ ရုက္ခသိဉ္စနပူဇာဂါထာတော်ကို ရွတ်ဖတ်ပူဇော်ပြီး သတ်မှတ်ထားသည့် နေရာများအလိုက် မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြကာ မဟာဗောဓိညောင်ပင်များအား လက်ယာရစ်လှည့်လည်ပူဇော်ကြ သည်။
ထို့ပြင် ဇေယျာသီရိမြို့နယ်၊ လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိ ညောင်ပင်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အမှူးပြုသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများက ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်ခဲ့ကြသည်။
ဒီပင်္ကရာမြတ်စွာဘုရားက ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့အား “ဘဒ္ဒကမ္ဘာတွင် ဘုရားအဖြစ်ကိုရလိမ့်မည်ဟု” ဗျာဒိတ်တော်စကား မိန့်ကြားတော်မူ သောနေ့၊ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်သောနေ့၊ ဘုရားအဖြစ်ကို ရတော်မူသောနေ့၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော် မူသောနေ့ စသည့်နေ့များအားလုံးသည် ကဆုန် လပြည့်နေ့များပင်ဖြစ်သဖြင့် “ဖွားမြင်ပွင့်စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်၊ လပြည့်ကြုံ” ဟု လည်းကောင်း၊ “ဗျာဒိတ်ဖွားမြင် ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း”ဟုလည်းကောင်း မှတ်တမ်း ပြုကြပြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်များက အထွတ်အမြတ် ထားခဲ့ကြ ကြောင်း၊ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမမြတ်စွာဘုရားသာလျှင် မကဘဲ အခြားနှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားတို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ် တော်မူသောနေ့၊ ပရိနိဗ္ဗာန်ပြုသောနေ့များမှာလည်း ကဆုန်လပြည့်နေ့ ပင်ဖြစ်၍ ကဆုန် လပြည့်နေ့ကို “ဗုဒ္ဓနေ့”ဟု သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော် တစ်ခုဖြစ်သည့် အပြင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်ကြောင်း နှင့် ကဆုန် လပြည့်နေ့မတိုင်မီ တစ်ရက်အလိုတွင် ညောင်ရေသွန်း လောင်းကြမည့် ညောင်ပင်များကို အမွှေးနံ့သာရေများပက်ဖျန်းပေးခြင်း၊ မဟာဗောဓိပင် ပလ္လင်တော်အား ကြည်ညိုစဖွယ်ဖြစ်အောင်ပြင်ခြင်း စသည့် ကုသိုလ်ယူဖွယ်များကို ပြုလုပ်လေ့ရှိကြကြောင်း သတင်းရရှိသည်။