ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးမိဘပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို နေပြည်တော်၊ ၂၀၂၄ ဇူလိုင် - ၂၀

Saturday, July 20, 2024 - 16:15

              ဝါဆိုလပြည့်နေသည့် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ ဆိုသော ထူးမြတ်သည့် ဂုဏ်ဒြပ်လေးရပ်အပြင် ဗုဒ္ဓမြတ်စွာဘုရားဖြစ်ကြောင်း ဝန်ခံသောနေ့ဖြစ်ခြင်း၊ တရားရတနာစတင်ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ သံဃာ ရတနာစတင်ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံလာသောနေ့ဖြစ်ခြင်း၊ မြတ်ဗုဒ္ဓ၏ ဧဟိဘိက္ခု ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်ခြင်း စသည့်ဖြင့် ထူးခြားဂုဏ်ဒြပ်ကိုးရပ်တို့နှင့် ပြည့်စုံ သောနေ့ထူးနေ့မြတ်ဖြစ်သည်။

              အဆိုပါနေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင် အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ် တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်း ကပ်လှူခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်းစသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ်ဆောင်ရွက်ကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊  ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက် ဖူးမြော်ကြည်ညို ကုသိုလ်ယူကြသူများနှင့် စည်ကားလျက်ရှိသည်။

              ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများ၊ အပန်းဖြေစခန်းများ၌လည်း လာရောက်အပန်းဖြေ အနားယူကြသူများနှင့် အထူးစည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။