၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချလွှင့်ထူ၍ အလေးပြုခြင်းအခမ်းအနား ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး)၌ ကျင်းပ ရန်ကုန် ဇူလိုင် ၁၉

Friday, July 19, 2024 - 17:15

          (၇၇)နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော် အလံအား တိုင်ဝက်လျှော့ချလွှင့်ထူ၍ အလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်ဆောင်ကြီးများကျဆုံးခဲ့ရာ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး)၌ ကျင်းပသည်။

          အခမ်းအနားသို့ (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး လုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်ကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဂုဏ်ပြုတပ်ဖွဲ့တို့ တက်ရောက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုကာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော် အလံအား တိုင်ဝက်သို့ လျှော့ချလွင့်ထူ၍ နှစ်မိနစ်ငြိမ်သက်စွာ ဂါရဝပြုကြသည်။

          ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး)ရှိ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်  အစည်းအဝေးခန်းမနှင့် ပါလီမန်အဆောက်အအုံတို့ကို နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ အများပြည်သူ လာ ရောက်လေ့လာနိုင်ရန် ယနေ့တွင် တစ်ရက်တာ အခမဲ့အထူးဖွင့်လှစ်ပြသခဲ့ပြီး အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အစည်းအဝေးခန်းမအတွင်း အာဇာနည် ခေါင်းဆောင်များ ကျန်ရှိခဲ့သည့်  ပစ္စည်း ၂၈ မျိုး၊ အဆောက်အအုံသမိုင်းကြောင်း၊   သက်တမ်းရာကျော်ရှိသည့် ပါလီမန်အဆောက်အအုံနှင့် အဆောက်အအုံအတွင်း သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားမှုအား အများပြည်သူနှင့် ကျောင်းသား၊ ကျောင်းသူများ အထူးစည်ကားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။