ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေးစောင့််ရှောက်မှုခံယူ နေပြည်တော်၊ ဇူလိုင် ၁၈

Thursday, July 18, 2024 - 17:15

            ယာယီသမ္မတ ဦးမြင့်ဆွေ သည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစားအသောက်နည်းခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကု ပါရဂူကြီးများပါဝင်သော ဆေးကုသမှုအဖွဲ့ဖြင့် ပုံမှန်ဆေးကုသမှု ခံယူခဲ့ပါသည်။ ကျန်းမာရေး စစ်ဆေးစမ်းသပ်ချက်များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့်ရောဂါ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်း ရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ၁၅-၄-၂၀၂၄ ရက်မှ ၁၉-၄-၂၀၂၄ ရက်အထိ စင်္ကာပူနိုင်ငံ၊ Mount Elizabeth Medical Centre တွင် ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာ စစ်ဆေးကုသမှုများခံယူခဲ့ပြီး ၂၇-၅-၂၀၂၄ ရက်မှ ၁၈-၆-၂၀၂၄ ရက်အထိ အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ကုတင် ၁၀၀၀)တွင် ဆေးကုသမှုခံယူခဲ့ပါသည်။

                ယင်းကာလအတွင်း ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဝဲ၊ ယာ မျက်စိများတွင် ဖြစ်ပွားလျက်ရှိသော အတွင်းတိမ်များကို ခွဲစိတ်ကုသခဲ့ရာ အမြင်အာရုံပြန်လည် ကောင်းမွန်လာခဲ့သော်လည်း အာရုံကြောအားနည်းရောဂါကို ဆက်လက်ခံစားနေရသဖြင့် ၁၈-၆-၂ဝ၂၄ ရက်မှ ၃၀-၇-၂၀၂၄ ရက်အထိ ဆေးခွင့်ယူ၍ နေအိမ်တွင် အထူးဆေးကုသမှုအဖွဲ့၏ အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိပါသည်။ ၃၀ - ၆ - ၂ဝ၂၄ ရက်နှင့် ၁၄ - ၇ - ၂ဝ၂၄ ရက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှင့် ( ၈ ) ဦးပါဝင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ခဲ့ရာ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန် လာခြင်းမရှိသေးဘဲ အစားအသောက် စားသုံးခြင်းအပါအဝင် နေ့စဉ်ပုံမှန်သွားလာလှုပ်ရှားမှုကို လုပ်ဆောင်နိုင်မှု မရှိသေးသောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံဆောင်ရွက်ပေးမှုဖြင့် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့