ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းမပေါ်ရှိ ကရင်လေးဆိပ်ကျေးရွာအနီးရှိ တံတားအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး နေပြည်တော်၊ ဇူလိုင်- ၁၇

Wednesday, July 17, 2024 - 14:30

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်မှုကိုလိုလားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့သည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု ကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူသွားလာနေထိုင်အသုံးပြုလျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများ အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း Drop Bomb များ ကြဲချတိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ကြသည်။

ယခုတွင်လည်း KNLAအဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ယနေ့နံနက်ပိုင်းတွင် ခရီးသွားပြည်သူများနှင့် ဒေသခံ ပြည်သူများအားထားအသုံးပြုလျက်ရှိသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင် လေးဆိပ်ကျေးရွာမြောက်ဘက် မီတာ ၁၀၀ ခန့်အကွာရှိ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ်၊ ၁၃၆/၂ နှင့် ၁၃၆/၃ ကြားတွင်ရှိ သည့် အရှည်(၁၀) ပေ၊ အကျယ် (၄၀) ပေ ၊ ခံနိုင်ဝန် (၆၀) တန်ရှိ သံကူကွန်ကရစ် အမျိုးအစားတံတားအမှတ် (၁/၁၃၇) ကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား ၏ မြောက်ဘက်ကမ်းကပ်ခုံမှာ ၁၀၀ ရာခိုင်နှုန်း  ပြိုကျပျက်စီးခဲ့သည်။

 အကြမ်းဖက်သမားများအနေဖြင့် ခရီးသွားပြည်သူများ သွားလာမှု ခက်ခဲစေရန် နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန်၊ ကုန်စည်စီးဆင်းမှုကို ထိခိုက်ဆုံးရှုံးမှု ဖြစ်စေပြီး ဒေသအတွင်း တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးနှင့်မသက်ဆိုင် သော အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့ ခြင်းသည် စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်သည်။

          လက်ရှိအချိန်တွင် လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု အဆင်ပြေ စေရန်အတွက်  သက်ဆိုင်ရာ လမ်း/တံတား ဦးစီးဌာနမှ တာဝန်ရှိသူများက ယာယီ တံတားအား အမြန်ဆုံးဆောင်ရွက်ပေးခဲ့ရာ မော်တော်ယာဉ်များ ပြန်လည်သွားလာ နိုင်ပြီဖြစ်ကြောင်းနှင့် ပျက်စီးသွားသည့် တံတားအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။