ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ရှိ ဟိုပင်တံတားအား လက်နက်ကိုင်  သောင်းကျန်းသူများမှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး နေပြည်တော်၊ မေ ၂၅

Tuesday, May 25, 2021 - 16:15

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ရှိ ဟိုပင်တံတားအား လက်နက်ကိုင်  သောင်းကျန်းသူများမှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ မေ ၂၅

            ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ရှိ ဟိုပင်တံတားအား လက်နက်ကိုင်  သောင်းကျန်းသူများမှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ မေလ ၂၄ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြို့မမြောက်ရပ်ကွက်ရှိ ဟိုပင်-မြစ်ကြီးနားကားလမ်းပေါ်ရှိ သရက်ချောင်းအားဖြတ်၍ ဆောက်လုပ် ထားသော အလျား ပေ ၃၀၀ ခန့်ရှီ သံဘောင်ဘေလီအမျိုးအစား ဟိုပင်တံတား (ဒေသအခေါ် ဝက်ကုန်းတံတား)အား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲခဲ့၍ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ တံတားမှာ ပေါက်ကွဲမှုကြောင့် မြစ်ကြီးနားဘက် တံတားအစပ်မှ ကျိုးကျပျက်စီးနေပြီး အဆိုပါ အခြမ်းတံတားအောက်ခြေတွင် မိုးကောင်းမြို့နယ်ဘက်မှ မောင်းနှင်လာသည်ဟု ယူဆရသည့် အမျိုးသား ၁ ဦး မောင်းနှင်လာသော ဆိုင်ကယ်သည် ကျိုးကျနေသည့် တံတားပေါ်ဖြတ်သန်း မောင်းနှင်မိ၍ တံတားအောက်ပြုတ်ကျကာ ဦးခေါင်းကွဲဒဏ်ရာဖြင့် သတိလစ်နေသည်ကို တွေ့ရှိရ သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး မိုးညှင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

            ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါတံတားပတ်ဝန်းကျင်အား ရှင်းလင်း စစ်ဆေးခဲ့ရာ တံတား၏ ကျိုးကျပျက်စီးနေသည့်အခြမ်းအရှေ့ဘက်အခြမ်း၌ မပေါက်ကွဲသေးသည့် မိုင်း ၁ လုံးအား ထပ်မံတွေ့ရှိရသဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ပြီး တံတားပျက်စီးသွားမှုကြောင့် လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိပါသည်။