နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၅/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇူလိုင် ၁၂
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ၊ အတွင်းရေးမှူး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများ ဖြစ်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Online မှ တက်ရောက်ကြသည်။
ဦးစွာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေဖြင့် စတင် ဖွဲ့စည်းချိန်မှ ယခုချိန်ထိ ဗဟိုအဖွဲ့အစည်းအဝေး ၅ ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ၊ ပြည်သူ့ စစ်မှုထမ်းနည်းဥပဒေ(ပဉ္စမမူကြမ်း)နှင့် ယင်းနည်းဥပဒေ(ပဉ္စမမူကြမ်း)အပေါ် ဥပဒေရေးရာ ဝန်ကြီးဌာနမှပေးပို့သည့် ပြင်ဆင်ချက်နှင့် သဘောထားမှတ်ချက်များကို ဆွေးနွေးနိုင်ရန် ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း၊ နည်းဥပဒေ(ပဉ္စမမူကြမ်း)နှင့်စပ်လျဉ်း၍ အစည်းအဝေး တက်ရောက်သူများမှ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြရန်နှင့် ပြင်ဆင်ခြင်း ၊ ဖြည့်စွက်ခြင်း နှင့်အကြံပြုချက်များရှိပါကလည်း အမြန်ပြန်လည်တင်ပြကြရန်ဖြစ်ကြောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာနမှ ရေးထုံးများထပ်မံစိစစ်ပြီး ပြင်ဆင်ဖြည့်စွက်အကြံပြုချက်များ မရှိပါက အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ထိထိရောက်ရောက် ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက် ရန်နှင့် ထိုသို့ ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ဝန်ကြီးဌာနများ ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက မှန်မှန်ကန်ကန်နှင့် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြ ရန်လိုကြောင်း ၊ နိုင်ငံသားတိုင်းသည် အခြေခံဥပဒေအရ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန်၊ စစ်မှုထမ်းဆောင်ရန်နှင့် စစ်ပညာသင်ကြားရန် တာဝန်ရှိသည်ကို လမ်းညွှန် မှာကြားထားပါကြောင်း၊
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁)မှ(၃)အထိ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဖွင့်လှစ်ပြီးခဲ့သည့်သင်တန်းများနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ရည်မှန်းချက်ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့်အပြင် အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ် အနည်းဆုံး ဖြင့် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ပြည်သူ့စစ်မှုထမ်းစာရင်း ကောက်ယူရာတွင် ဥပဒေပါသတ်မှတ်အသက်မပြည့်မီသူနှင့် အသက်ကျော်လွန်သူများ မပါရှိစေရေး၊ ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကြပ်စာရင်းသွင်းခြင်းမရှိစေရေး၊ အစားထိုး ပေးပို့မှုများမရှိစေရေး၊ မြေပြင်တွင် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံနေကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ မသမာမှုများမရှိစေရေးတို့အတွက် အလေးထား ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်များ တင်ပြမှုနှင့် ပတ်သက်၍လည်း စနစ်တကျစိစစ်ပြီး သတ်မှတ်ချိန်အတွင်း တင်ပြကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဖွင့်လှစ်ပြီးခဲ့သည့် ပြည်သူ့စစ်မှုထမ်း သင်တန်း(၃)ခုနှင့်စပ်လျဉ်း၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် ကြုံတွေ့ခဲ့ရသည့် အားသာချက်၊ အားနည်းချက်များနှင့် သင်တန်းအမှတ်စဉ်(၄)အတွက် လျာထားချက် ပြည့်မီအောင် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအတွင်းရေးမှူး စစ်ရေးချုပ်၊ နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေရေးဆွဲရေးနှင့် စံပြုလုပ်ထုံး လုပ်နည်းရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည့်သူစစ်မှုထမ်း သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိဂုံးချုပ်အမှာစကားပြောကြား ရာတွင် ထပ်မံဖွင့်လှစ်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်းများအတွက် Time Frame များ သတ်မှတ်ဖြန့်ဝေပေးထားပြီး ဖြစ်သည့်အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ် များကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရန် Check List များဖြင့် စစ်ဆေးဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အချက်အလက်များကို ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်က မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ တိုင်း/ခရိုင် အဆင့်များကလည်း စနစ်တကျတာဝန်ပေး ကြပ်မတ်ရန်လိုအပ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းအဖြစ် စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူများ၊ ဆေးအောင်ပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ ၊ သင်တန်းကျောင်းသို့ ရောက်ရှိပြီးမှ ခွင့်မဲ့ပျက်ကွက်သူများအတွက် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ၊ ပြည်သူ့စစ်မှုထမ်းအဖြစ် ကိုယ်ပိုင်အမှတ်ရရှိပြီးမှ ခွင့်မဲ့ပျက်ကွက်သူများအတွက် သက်ဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွက်ရန် ဖြစ်ကြောင်း။
ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင် အသက်မပြည့်သူများ မပါရှိစေရေး အထူးဂရု ပြုဆောင်ရွက်ကြရန် လိုပါကြောင်း၊ ကင်းလွတ်ခွင့် ၊ လျှော့ပေါ့ခွင့် ၊ ရွှေ့ဆိုင်းခွင့် တင်ပြလာမှု များအား ဗဟိုအဖွဲ့သို့ သတ်မှတ်ချိန်အတွင်းတင်ပြမှသာ သင်တန်းကျောင်းသို့ မရောက်မီ အချိန်မီခွင့်ပြုပေးနိုင်မည်ဖြစ်ကြောင်း၊ ယခင်ဖွင့်လှစ်ပြီးခဲ့သည့် သင်တန်းများ၏ အားနည်းချက်/ အားသာချက်များအား သုံးသပ်ပြီး နောင်ဖွင့်လှစ်မည့် ပြည်သူ့စစ်မှုထမ်း သင်တန်းများအတွက် သတ်မှတ်လျာထားချက်များအတိုင်း ပြည့်မီရေး အလေးထား ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။