စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်း မြစ်ရေမြင့်တက်ကာ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေ ဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခန္တီးမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ပေါမိုင်း)၊ အခြေခံပညာမူလတန်းကျောင်း(သာစည်)နှင့် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတို့ရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် အခြေခံပညာ အထက်တန်းကျောင်း(ခန္တီး)အတွင်း/အပြင်၌ မြစ်ရေကြီးမှုနှင့်အတူပါရှိလာသည့် နှုံး၊ သဲနှင့်အမှိုက်များအား ဖယ်ရှားရှင်းလင်းကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။