နိုင်ငံပိုင်နှင့်ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများနှင့် ဘဏ်လုပ်ငန်းဆိုင် ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဉီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ််ရေး ကောင်စီအဖွဲ့ဝင် နှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဝင်းရှိန်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ် များမှ နာယကများ၊ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
ဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး အောင်လင်းဒွေး က နိုင်ငံတော်၏အရေးပါသော ငွေရေးကြေးရေးကဏ္ဍအတွင်း ကြီးမားသော တာဝန်များ ထမ်းဆောင်နေကြသည့်ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော် အစိုးရနှင့် ဗဟိုဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအား ကောင်းလာစေရန်၊ နိုင်ငံတော်၏ ငွေကြေးစနစ်တည်ငြိမ်မှုရှိပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန်နှင့် အပြန်အလှန်နားလည်မှုများ အပြည့်အဝရရှိစေရန် ရည်ရွယ်၍ ဖိတ်ခေါ်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဘဏ်များသည် ငွေအပ်နှံသူများ၏အကျိုးစီးပွားကို ကာကွယ်ပေးရန် တာဝန်ရှိသကဲ့သို့ ငွေကြေးစနစ်တည်ငြိမ်မှု၊ လုံခြုံမှုနှင့်ခိုင်မာမှု ထိန်းသိမ်းရေးကို တစ်ပါတည်းဆောင်ရွက်သွား ကြရန်ဖြစ်ကြောင်း၊ ယင်းအခြေအနေကို ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အစိုးရ၊ ဗဟိုဘဏ်နှင့် ဘဏ်များပူးပေါင်း ဆောင်ရွက်သွား ကြရမည် ဖြစ်ကြောင်း။
ဘဏ်များ၏လိုအပ်ချက်ကို နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်တို့က ပံ့ပိုးနေသကဲ့သို့ ဘဏ်များကလည်း နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ စည်းမျဉ်းစည်း ကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စည်းစနစ်ဖြင့်ယှဉ် ပြိုင်ခြင်းထက် ကိုယ်ကျိုးစီးပွားကြောင့် လက်ဝါးကြီးအုပ်ခြင်း၊ ဈေးကစားမှုပြုခြင်းများကြောင့် အများပြည်သူ၏အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်ပေးရမည်ဖြစ်ကြောင်း၊ အလားတူတည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေ ပါက သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသည့်အတွက် ဗဟိုဘဏ် နှင့် ဘဏ်များသည် သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်ပါကြောင်း၊ သို့သော် ယခုအခါတွင် သတ်မှတ်စည်းကမ်းများကိုဖောက်ဖျက်မှုများသည် နိုင်ငံတော်၏စီးပွားရေး မူဝါဒများကို ထိပါး လာသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ထိုက်သင့်အားလျော်စွာ ကြီးကြပ်ဆောင်ရွက် ပေးနေပါကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း မလိုအပ်ဘဲငွေကြေး အမြောက်အမြား ထုတ်ယူခြင်း၊ ကောလာဟလသတင်းများအပေါ် စိုးရိမ်စိတ်လွန်ကဲပြီး ထုတ်ယူခြင်းများ မပြုလုပ်ကြရန်လည်း လိုအပ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဝန်ထမ်းအင်အား နည်းပါးလာခြင်းအပေါ် ဘဏ်များ၏ ဝန်ဆောင်မှုလုပ်ငန်းများ လစ်ဟာမှုမရှိစေရန် အကြိမ်ကြိမ် ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်စေလိုပါကြောင်း၊ ဘဏ်များတွင် နိုင်ငံသားလူသား အရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားရန် လိုအပ်ပါကြောင်း၊Card စနစ်များ၊ e – Banking ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲနိုင်ရေး အလေးထားဆောင်ရွက်သွားစေလိုပါကြောင်း၊ ဝန်ဆောင်မှုအရည် အသွေး အပြည့်အဝရှိသည့် ဘဏ်ခွဲများကို ကျစ်ကျစ်လစ်လစ်ဖြင့် တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားစေလိုပါကြောင်း။
နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့ အောင်မြင်စေရေးအတွက် နိုင်ငံတော်အစိုးရသည် ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ လက်တွဲ ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ဘဏ်လုပ်ငန်းရှင်ကြီးများ၊ စီးပွားရေးလုပ်ငန်း ရှင်ကြီးများကို ပြည်သူများ၏အကျိုးစီးပွားအား အပြည့်အဝကာကွယ်စောင့်ရှောက် မည့်ပုဂ္ဂိုလ်များအဖြစ် အားကိုးအားထားပြုပြီး ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ ထို့ကြောင့် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ဘဏ်တာဝန်ရှိသူများ အဆင့်ဆင့်က အထူးအလေးထား ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်အစိုးရ၊ အများပြည်သူနှင့် ဘဏ်များအကြား သုံးဦးသုံးဖလှယ်အကျိုးရှိသည့် Win - Win - Win Situationရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဉီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ် နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဝင်းရှိန်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တို့က ဘဏ်များ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများ၊ ဉီးဆောင် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက ခိုင်မာအားကောင်းသည့် ငွေရေးကြေးရေး ကဏ္ဍ ဖြစ်ပေါ်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ဘဏ်လုပ်ငန်း ဆိုင်ရာပြဌာန်းထားသည့် ဥပဒေ ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက် သွားမည့်အခြေအနေများ၊ နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဘဏ်လုပ်ငန်းရှင်အများစု သည် စီးပွားရေး လုပ်ငန်းရှင်ကြီးများလည်းဖြစ်သဖြင့် ကန်ထရိုက်လယ်ယာများ၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေး ကဏ္ဍများတွင် လုပ်ငန်းစုများ အသင်းစုများအဖြစ် တိုးချဲ့၍ ပူးပေါင်း ရင်းနှီးမြှုပ်နှံဆောင်ရွက်သင့်ကြောင်း ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရေးအတွက် ပြည်တွင်း၌ စက်ရုံ/အလုပ်ရုံများ တည်ဆောက်၍ Value Add ထုတ်ကုန်များ ထုတ်လုပ် သင့်ကြောင်း ဆွေးနွေးကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက် ကြောင်း သတင်း ရရှိသည်။