နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင် လိုက်ပါ၍ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ညနေပိုင်းတွင် မန္တလးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်ရှိ အနီးစခန်းလေဆိပ်သို့ရောက်ရှိပြီး လေယာဉ်ကွင်းအဆင့်မြှင့်တင်ရေး လေ့လာဆန်းစစ်မှု အခြေအနေများအား လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းများအပေါ် လိုအပ်ချက်များအား မှာကြား ဖြည့်ဆည်းပေးသည်။
ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် ဝန်ကြီး ဌာန တာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ့မီးရထား၊ မန္တလေး ဘူတာကြီးသို့ရောက်ရှိလာရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရထားသွားလာရေး လုပ်ငန်းများ၊ ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုအခြေအနေ၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း အခြေအနေများ တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မန္တလေးဘူတာကြီးယာဒ်ဝင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဘူတာကြီး၌ တပ်ဆင်ထားသော လုံခြုံရေးစနစ်အား အချိန်ပြည့် ထိရောက်စွာစောင့်ကြည့်ထိန်းချုပ်မှုရရှိနိုင်ရေးအတွက် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း ကိုင်တွယ်၊ ထိန်းချုပ်မှုကို ဆောင်ရွက်ရေး၊ မြန်မာ့မီးရထားနှင့် မြန်မာ့စာတိုက်လုပ်ငန်းတို့ ညှိနှိုင်း၍ ရထားဖြင့် ချောစာပို့လုပ်ငန်း ပိုမိုထိရောက်စွာပို့ဆောင်ရေး၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး ကိစ္စများကို အထူးဂရုပြုဆောင်ရွက်ပေးရေး လိုအပ်ချက်များကို မှာကြားပြီးနောက် ဘူတာယာဒ်ဝင်း အတွင်း ပလက်ဖောင်းအမြင့် မြှင့်တင်ခြင်းကိစ္စ၊ တွဲပြင်ရုံနှင့် ပါဆယ်ရုံတို့၌ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို စစ်ဆေးခဲ့သည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးသို့ ရောက်ရှိပြီး အစည်းအဝေးခန်း၌ မန္တလေးမြို့တွင် အခြေစိုက်၍ တာဝန် ထမ်းဆောင်လျက်ရှိကြသည့် ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအဖွဲ့အစည်းများမှ တာဝန်ခံအရာရှိ များ၊ ဝန်ထမ်းများအား တွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်းကောင်းများပီသစွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရေး၊ ဌာနအလိုက် ရုံးများ၊ အိမ်ရာများ၌ ဝန်ထမ်းများနှင့် မိသားစုများ၏ လိုအပ်ချက်များကို သိရှိအောင် အစဉ်အမြဲစစ်ဆေး၍ ဖြည့်ဆည်းပေးနိုင်ရေး၊ လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာအောင် လေ့ကျင့်ပေးရေးတို့အား မှာကြားကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာ လက်ဆောင်များ ပေးအပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့ပိုင်းတွင် မြစ်ငယ်ရှိ မြန်မာ့မီးရထား၏ လူစီးတွဲနှင့် ကုန်တွဲစက်ရုံသို့ ရောက်ရှိကာ စက်ရုံအမှတ်(၃)လုပ်ငန်းခွင်နေရာ၌ စက်ရုံဝန်ထမ်းများနှင့် အတူတကွ နေ့လည်စာကို သုံးဆောင်ခဲ့သည်။ ၎င်းနောက် ဝန်ထမ်းများအား တွေ့ဆုံပြီး နိုင်ငံ့ ဝန်ထမ်းများပီသစွာဖြင့် မိမိဌာန၏လုပ်ငန်း ရည်မှန်းချက်များ ပြည့်မီစွာအကောင်အထည်ဖော် စွမ်းဆောင်နိုင်ကြရေး၊ စာကြည့်တိုက်များ၌ လုပ်ငန်းနှင့်သက်ဆိုင်သည့် ဘာသာရပ် စာအုပ်စာပေ များကိုထားရှိစီစဉ်ပေးပြီး ဝန်ထမ်းများ ဖတ်ရှုလေ့လာ၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ ဝန်ထမ်း အိမ်ရာများ သန့်ရှင်းစနစ်တကျရှိစေရန် စစ်ဆေးကာ လိုအပ်သည့်ပံ့ပိုးမှုများ ဆောင်ရွက်ပေးရေး တို့ကို မှာကြားကာ စက်ရုံဝန်ထမ်းများအား စားသောက်ဖွယ်ရာများ လက်ဆောင်ပေးအပ်ခဲ့သည်။ ဆက်လက်၍ စက်ရုံမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ တင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအတွင်း လူစီးတွဲများ မွမ်းမံပြင်ဆင်မှု၊ ကုန် သေတ္တာတင် ကွန်တိန်နာတွဲများ တည်ဆောက်ပြီးစီးမှု လုပ်ငန်းခွင်များသို့ လှည့်လည်ကြည့်ရှုကာ တွဲတည်ဆောက်ရေးလုပ်ငန်းအတွက် လိုအပ်သည့်ပစ္စည်းအမျိုးအမည်များ စုံလင်စွာဝယ်ယူစုဆောင်း ရရှိနိုင်ရေး မှာကြားခဲ့သည်။ ၎င်းမှဆက်လက်၍ မြစ်ငယ်ဆေးရုံသို့ရောက်ရှိကာ ဆေးရုံတက်ရောက် ကုသနေသည့် ဝန်ထမ်းလူနာများအား နှုတ်ဆက်အားပေး၍ စားသောက်ဖွယ်ရာများ လက်ဆောင်ပေးအပ်ပြီးနောက် ဆေးရုံသုံးပစ္စည်းများ ရရှိမှု၊ အသုံးပြုနိုင်မှုအခြေအနေများကို စစ်ဆေး၊ မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင်လ ၇ ရက်နေ့ နံနက်တွင် မန္တလေးဘူတာကြီးမှ RBE ရထားဖြင့်စီးနင်းလိုက်ပါကာ မန္တလေး-သာစည်မှတစ်ဆင့် မိတ္ထီလာဘူတာအထိ ရထားလမ်းပိုင်း ၏ သံလမ်း၊ တာဘောင်များနှင့် တံတားများ ကြံ့ခိုင်မှုအခြေအနေ၊ ဘူတာများသန့်ရှင်းမှုနှင့် စနစ် တကျရှိမှု၊ ရထားလမ်းနှင့်ကားလမ်းကူးနေရာများတွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရထားအမြန်နှုန်းမြှင့်တင်နိုင်ရေးအတွက် လိုအပ်ချက်များ ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။