ခန္တီးမြို့ရှိ ရပ်ကွက်၊ ကျေးရွာများမှ   ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၇ ရက်

Sunday, July 7, 2024 - 04:00

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ဇွန် ၂၆ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လျက်ရှိရာ ခန္တီးမြို့၏ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ခဲ့သဖြင့် ခန္တီးမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် နယ်မြေခံတပ်မတော်သားများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  ပေါမိုင်းရပ်ကွက်ရှိ သာသနာဟိတ(ဗဟိုကျောင်း) ၊ အခြေခံမူလတန်းကျောင်း(ပေါမိုင်း)တို့တွင် တိမ်းရှောင်နေသည့် ရေဘေးသင့်ပြည်သူ များနှင့် မြသိန်းတန်ဘုရားကုန်း၊ တပ်ဦးနန္ဒဝန်ဘုန်းတော်ကြီးကျောင်း၊ ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း(ဇီးဖြူကုန်း)တို့၌ ရွှေ့ပြောင်း နေထိုင်နေသည့် ရေဘေးသင့်ပြည်သူများအား လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သတင်း ရရှိသည်။