မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အဖျက်အမှောင့် လုပ်ရပ်များ ဆောင်ရွက်ရန် ပြုလုပ်ထားရှိသည့် ဖောက်ခွဲရေးပစ္စည်းများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး

Monday, May 24, 2021 - 15:15

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အဖျက်အမှောင့် လုပ်ရပ်များ ဆောင်ရွက်ရန် ပြုလုပ်ထားရှိသည့် ဖောက်ခွဲရေးပစ္စည်းများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ မေ ၂၄

            လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်း များနှင့် အဖျက်အမှောင့် လုပ်ရပ်များ ဆောင်ရွက်ရန် ပြုလုပ်ထားရှိသည့် ဖောက်ခွဲရေးပစ္စည်းများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

            ထိုသို့ဖော်ထုတ်ဖမ်းဆီးရာတွင် မေ ၂၃ ရက်  ည ၇ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုတလင်-မုံရွာသွား ကားလမ်း၊ မုံရွာမြို့အဝင်ဆိုင်းဘုတ်အနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် မုံရွာမြို့၊ မြဝတီရပ်ကွက်နေ သန့်ဇင်ဦး(၄၂)နှစ် ()ဦးကျော်သန်း မောင်းနှင်လာသော MDY 6J-8882 “အောင်ကမ္ဘာယာဉ်လိုင်းခရီး သည်တင်မှန်လုံယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ရာ အဆိုပါယာဉ်ပေါ်တွင် တင်ဆောင်ထားသော အမည်နှင့် ဖုန်းနံပါတ်ရေးသားထားသည့် ကတ္ထူဂျပ်ဖာအား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အဆိုပါဂျပ်ဖာ အတွင်းမှ NEOGLE-90 တံဆိပ်ပါ အရှည် ၈ လက်မခန့်ရှိ ယမ်းပြင်းတောင့် ၈၀ တောင့်၊ ဒီတိုနေတာ ၃၉၀ ခု၊ ၂၅ ပေခန့်ရှိ စနက်တံကြိုး ၁ ခွေ တို့အား စစ်ဆေးတွေ့ရှိခဲ့ရပါသည်။ ထို့နောက် ယာဉ်မောင်းဖြစ်သူ သန့်ဇင်ဦးအား စစ်မေးခဲ့ရာ အဆိုပါဂျပ်ဖာအား အမျိုးသမီးတစ်ဦးမှ လာရောက်ရွေးယူမည်ဟု သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်ပါစောင့်ဆိုင်း ဖမ်းဆီးခဲ့ရာ ထန်းတောရပ်ကွက်၊ အောင်မဟာလမ်းအနီးသို့ရောက်ရှိစဉ်  ရန်ကင်း ရပ်ကွက်နေ မစိမ်းလဲ့ရည် (၂၉)နှစ်မှ ယာဉ်ပေါ်ပါဂျပ်ဖာအား လာရောက်ရွေးယူသည်ကိုတွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းနှင့် ပူးပေါင်းပါဝင်ပတ်သက်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

            အလားတူ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ ()လမ်းရှီ စဉ်အိုးဘိုဘုန်းကြီးကျောင်းအား အကြမ်းဖက်ရာတွင် အသုံးပြုသည့် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါ ဘုန်းကြီးကျောင်း အနောက်ဘက် ရေစက်တဲနှင့် သိမ်မြေအောက်ခန်း အတွင်းမှ ပြောက်ကျားအင်္ကျီ ၂ ထည်၊ လက်လုပ်ဗုံး ၂ လုံး၊ ကော်ဒိုင်း ၆ ချပ်၊ ဖိုက်ဘာဦးထုပ် ၅ လုံးနှင့် အခြား ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

            အဆိုပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။