အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အရွယ်မရောက် သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်း မှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကော်မတီဝင်များ ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း က ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်တွင် အရွယ်မရောက် သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှထိန်းသိမ်းရေးကော်မတီကို စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး ကော်မတီ၏ အဓိကတာဝန်ဖြစ်သည့် တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်သည်အဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုမှုမရှိစေရေး ၊ တပ်မတော်သို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသော သံသယဖြစ်ဖွယ် လူငယ်များကို လက်ခံမှုမရှိစေရေး နှင့်အသက်မပြည့်ကြောင်း စိစစ်တွေ့ရှိသည့် စစ်သည်များကို မိဘအုပ်ထိန်းသူများထံသို့ ပြန်လည် လွှဲပြောင်းပေးရေးများ ဆောင်ရွက်ခဲ့ပါကြောင်း။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် တပ်မတော်(ကြည်း) ပါဝင်နေခြင်းအား စာရင်းမှပယ်ဖျက်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် Country Task Force on Monitoring and Reporting (CTFMR) တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအားစစ်မှုထမ်းခြင်းမှကာကွယ်တားဆီး ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစီမံချက် Plan of Action ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံချက်အရ CTFMR နှင့် ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ တပ်မတော်နှင့် UNCTFMR ပူးပေါင်းအဖွဲ့ဖြင့် မိဘအုပ်ထိန်းသူ များထံ စနစ်တကျပြန်လည် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါကြောင်း။
၂၀၂၃ ခုနှစ်အတွင်း CTFMR မှ ပေးပို့ထားသည့် အသက်မပြည့် သံသယရှိသူ စစ်သည် ၉ ဦး အပါအဝင် ယခင်စာရင်းမှ ပယ်ဖျက်ပေးရန်ကျန် စုစုပေါင်း ၁၂၀ ဦးကို CTFMR သို့ ဆက်သွယ်၍ အမှုတွဲတိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက နုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက်ရန်နှင့် မှန်ကန်မှု မရှိပါက စာရင်းမှပယ်ဖျက်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင် တပ်မတော် အနေဖြင့် တပ်သားသစ်စုဆောင်းရေးကဏ္ဍတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ သဘောတူ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေ ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း အလေးထား လိုက်နာ စုဆောင်းလျက် ရှိပါကြောင်း၊ အသိပညာပေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီအစည်းအဝေးများကို ပုံမှန်ကျင်းပလျက်ရှိပြီး ကော်မတီ၏ ရည်မှန်းချက်အတိုင်း တပ်မတော်အတွင်း ကလေးစစ်သား အသုံးပြုမှုမရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို CTFMR သို့ အသိပေး အကြောင်းကြားလျက်ရှိပါကြောင်း။
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီမှ CTFMR နှင့် ယခင်အတိုင်း ဆွေးနွေးမှုများအား စဉ်ဆက်မပြတ် ပူးပေါင်းဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်တွင် CTFMR နှင့် တွေ့ဆုံခဲ့ပြီး နှစ်ဖက်သဘောတူညီချက်အရ နည်းပညာပူးတွဲဥက္ကဋ္ဌ (Technical Co-Chairs) အဖွဲ့နှင့် အဖွဲ့ငယ်အဆင့် တွေ့ဆုံဆွေးနွေးခြင်း (Small Team Meeting) ဖြင့် နှစ်ဖက်တိုက်ဆိုင် စာရင်းရှင်းလင်းစစ်ဆေးအတည်ပြုရန် ဆွေးနွေးခဲ့ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ကျင့်သုံးလျက်ရှိရာ ဥပဒေအရ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ် ရာတွင် အသက် ၁၈ နှစ် မပြည့်သူများမပါရှိစေရေး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အသီးသီးမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုနှစ် ထုတ်ပြန်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၂၃ ခုနှစ် အတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွင် တပ်မတော်နှင့် ဆက်စပ်နေသည့် အဖွဲ့များနှင့် ပြည်သူ့စစ်တို့က ကလေးသူငယ် ၁၁၀၂ ဦးကို စုဆောင်းခဲ့ပြီး ကြီးလေးသော ကျူးလွန်မှု ၆ ရပ်တို့ကို တပ်မတော်က ကျူးလွန်ကြောင်း စွပ်စွဲဖော်ပြ ထားသည်ကို တွေ့ရှိရပါကြောင်း ၊ ၂၀၂၃ ခုနှစ်အတွင်း CTFMR က စုံစမ်းသည့် အသက်မပြည့်သူဟု သံသယရှိသူ စုစုပေါင်း ၉ ဦးသာရှိကြောင်း အကြောင်းကြားခဲ့သော်လည်း ယခုနှစ် အစီရင်ခံစာတွင် အသက်မပြည့်သေးသူ ၁၁၀၂ ဦးကို စစ်မှုထမ်းစေခဲ့သည်ဟု ချဲ့ကားဖော်ပြ ထားသည်ကို တွေ့ရှိရပါသဖြင့် အဆိုပါအစီရင်ခံစာကို ကန့်ကွက်ပါကြောင်းနှင့် တုံ့ပြန်သည့် အချက်အလက်များကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာအထူးကိုယ်စားလှယ်ရုံး (Office of the Special Representative of the Secretary-General for Children and Armed Conflict-UNSRSG)သို့ ပေးပို့ခဲ့ပြီး ဖြစ်သည့်အပြင် နိုင်ငံပိုင်၊ ရုပ်မြင်သံကြား၊ သတင်းစာများတွင် တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ကိုယ်စားလှယ် များက အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေးလုပ်ငန်းနှင့်ပတ်သက်၍ ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့များမှ လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြခြင်း ၊ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများကို အကြံပြုဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့သည်။
ယင်းနောက် အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။