ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Barnaul မြို့တွင် ဇွန်(၂၈)ရက်နေ့မှ စတင်ကျင်းပ လျက်ရှိသည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ (နဂါးလှေလှော်ပြိုင်ပွဲ) ( International Sports Festival Altai Regatta. Dragon Festival ) ပြိုင်ပွဲကို ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု လှေလှော်အားကစားသမားများသည် မီတာ(၅၀၀) အမျိုးသား(၁၀)တက်လှော်ပြိုင်ပွဲတွင်ပထမ(ရွှေတံဆိပ်)ဆု ထပ်မံဆွတ်ခူးရရှိပြီး နိုင်ငံအလိုက်အဆင့် ပထမ ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲ၌ မီတာ(၅၀၀)အမျိုးသား(၁၀) တက်လှော်ပြိုင်ပွဲတွင် ရေလမ်းကြောင်း နံပါတ် (၂)မှ ယှဉ်ပြိုင်သည့် မြန်မာအသင်းက စံချိန် ၀၂:၀၁.၅၅၁ ဖြင့် ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကောင်း၊ ရေလမ်းကြောင်းနံပါတ်(၄)မှ ယှဉ်ပြိုင်သည့် အင်ဒိုနီးရှားအသင်းက စံချိန် ၀၂:၀၂.၇၆၂ဖြင့် ဒုတိယ(ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ ရေလမ်းကြောင်းနံပါတ်(၃)မှ ယှဉ်ပြိုင်သည့် ကမ္ဘောဒီးယား အသင်းက စံချိန် ၀၂:၀၆.၁၆၅ဖြင့် တတိယ (ကြေးတံဆိပ်)ဆုကိုလည်းကောင်း၊ ရေလမ်းကြောင်း နံပါတ်(၅)မှ ယှဉ်ပြိုင်သည့် ဖိလစ်ပိုင်အသင်းက စံချိန် ၀၂:၀၇.၁၁၁ ဖြင့် စတုတ္ထဆုကိုလည်းကောင်း၊ ရေလမ်းကြောင်းနံပါတ်(၁)မှ ယှဉ်ပြိုင်သည့် ဥဇဘက်ကစ္စတန် အသင်းက စံချိန် ၀၂:၁၁.၆၅၀ဖြင့်ပဥ္စမအဆင့်နှင့် ရေလမ်းကြောင်းနံပါတ်(၆)မှ ယှဉ်ပြိုင်သည့် ရုရှားအသင်းတို့က စံချိန် ၀၂:၁၂.၁၅၀ဖြင့် ဆဌမအဆင့်တို့ အသီးသီး ရရှိခဲ့သည်။
ဆက်လက်၍ ဒေသစံတော်ချိန်(၁၃:၃၀)နာရီတွင်ကျင်းပသည့် အမျိုးသား (၁၀)တက်လှော် မီတာ (၂၀၀၀)ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုက်ခဲ့သည့် မြန်မာ အသင်းသည် ဆဌမအဆင့် ရရှိခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းက မီတာ(၂၀၀)နှင့် မီတာ(၅၀၀) အမျိုးသား(၁၀) တက်လှော်ပြိုင်ပွဲတို့တွင် ပထမ (ရွှေတံဆိပ်)ဆု (၂)ဆု ဆွတ်ခူးရယူနိုင်ခဲ့ပြီး မီတာ(၂၀၀၀)ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်လှော်ခတ်သွား နိုင်သော်လည်း ရလဒ်အနေဖြင့် အဆင့်(၆) ဖြင့်သာကျေနပ်ခဲ့ရသော်လည်း ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ပြိုင်ပွဲဝင်အသင်း(၇) နိုင်ငံအနက် နိုင်ငံအလိုက် အဆင့်ပထမ ရရှိခဲ့ကြောင်းသိရသည်။