နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကိုယ်တိုင်ပါဝင် ထမ်း ဆောင်နိုင်ရေးအတွက် မိမိသဘောဆန္ဒအလျောက်စာရင်းပေးသွင်းပြီး သင်တန်းတက် ရောက်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်း အနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ သင်တန်း ကျောင်းများအသီးသီးတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်း အနားများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး သင်တန်းဆင်းပွဲ တွင် သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့ကြကာ ကတိသစ္စာခံယူ ခြင်းကို ဆောင်ရွက်သည်။
ထို့နောက် သက်ဆိုင်ရာ သင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဆင်းထူးချွန်ဆုများဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက် ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းအမှာစကားများ ပြောကြားကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားများအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)မှ သင်တန်း ဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားကာ ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်အားပေးကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ်၊ အေပြီ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြ ဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာသာရပ်များကို လည်းကောင်း၊ စစ်နည်းဗျူဟာဘာသာရပ်တွင်ပါဝင်သည့် ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှု၊ အဖွဲ့အလိုက်၊ တပ်စိတ်အလိုက်လေ့ကျင့်ခြင်း၊ ချီတက်မှုလေ့ကျင့်ခြင်း၊ အထူးစစ်နည်းဗျူဟာ၊ စစ်ဘက်ရေးရာလုံခြုံရေး၊ ချေမှုန်းရေးလေ့ကျင့်ခန်း စသည့်သင်ခန်းစာများကို လည်း ကောင်း စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားလေ့ကျင့်ခဲ့ကြပြီး စစ်မြေပြင်အင်ဂျင် နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေး ဘာသာရပ်နှင့် အထွေထွေဘာသာရပ် များကိုလည်း ရက်သတ္တပတ်အလိုက် အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ လေ့ကျင့်သင်ကြားခဲ့ကြရပြီး သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)မှ နိုင်ငံ့သားကောင်းစစ်သည်များအနေဖြင့် အဖွဲ့ အစည်းစိတ်ဓာတ်များ(Team Sprit)၊ အဖွဲ့အစည်းဖြင့် စည်းစနစ်ကျနစွာလုပ်ကိုင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ(TeamWork)၊ ရဲဘော်ရဲဖက်စိတ်(esprit de corps)နှင့် နိုင်ငံကောင်းအောင် ဆောင်ရွက်လိုသည့်စိတ်ဓာတ်များရရှိခဲ့ကြပြီး တာဝန် ကျရာ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို လေးစားဂုဏ်ယူစွာဖြင့် ထမ်းဆောင်ကြတော့မည်ဖြစ်ကြောင်း သိရှိရသည်။