နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပမည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး  မူကြီး (၅) ရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့  တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ နေပြည်တော် ဇွန် ၂၇

Thursday, June 27, 2024 - 15:45

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် ယနေ့ နံနက် ၈နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့  ထွက်ခွာသွားသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးလွင်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်လေဆိပ်၌ လိုက်လံပို့ဆောင်နှုတ် ဆက်ကြသည်။

နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့်အတူ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရ သည်။