မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ရှိကျေးရွာများကို ဇွန်လ ၂၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မြသီတာကျေးရွာမှ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အကြမ်းဖက် လုပ်ငန်းများလုပ်ဆောင်ရန် PDF အမည်ခံအကြမ်းဖက်သမားများ ဇွန်လ ၂၃ ရက်နေ့ ည ၁၀ နာရီချိန်ခန့်က ရောက်ရှိနေပြီး အင်းအားစုဖွဲ့လျက်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ က အကြမ်းဖက်သမားများ စုဖွဲ့ရောက်ရှိနေသည့်နေရာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှုများရှိပြီး ထွက်ပြေးသွားခဲ့ကြောင်း နှင့်ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
အဆိုပါ အကြမ်းဖက်သမားများမှ ဇွန်လ ၂၂ ရက်နေ့တွင်လည်း စဉ့်ကူး မြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာမှ အပြစ်မဲ့ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ် သွားခဲ့ကြောင်း သိရှိရသည်။ တရားမဝင်ပြည်ဖျက်မီဒီယာများသည် အကြမ်းဖက် သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် မြေပြင်ဖြစ်စဉ်နှင့်ကွဲလွဲနေသည့် သတင်း တု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။