နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ (ပဥ္စမအကြိမ်)အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား နေပြည်တော်  ဇွန်   ၂၄

Monday, June 24, 2024 - 15:30

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ၏ (ပဥ္စမအကြိမ်)အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိသယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက် အမှာစကားပြောကြားသည်။ 

အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ရေ)မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ 

ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး က မြန်မာနိုင်ငံ၏ ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတဘက်စုံစီမံ အုပ်ချုပ် လုပ်ကိုင်မှုဗဟိုကော်မတီကို ကော်မတီဝင်(၂၂)ဉီးဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်း တာဝန် (၁၀)ရပ်ကို အပ်နှင်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ဗဟိုကော်မတီသို့ အပ်နှင်းထားသည့် တာဝန်ဝတ္တရားများနှင့်အညီ ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်နိုင်ခဲ့သည့် ရလာဒ်များအဖြစ် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုး တန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုအစီအစဉ် (Integrated Coastal Management-ICM) ကို အပြီးသတ်ရေးသား အတည်ပြုနိုင်ခဲ့မှု၊  မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့မှု၊ ပင်လယ်ပြင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဥပဒေ (Marine Pollution Control Law)အား အပြီးသတ် ရေးသားနိုင်ခဲ့မှု၊ အဏ္ဏဝါဂေဟစနစ် တန်ဖိုးမြင့်မားပြီး ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသည့် နေရာများကို ငါးမဖမ်းရ နယ်မြေများ၊ Hot Spot/ Diving Sites များ သတ်မှတ်ပေးနိုင်ခဲ့မှု၊ ပင်လယ်ကမ်းရိုးတန်းဒေသများ ညစ်ညမ်းမှုတားဆီးကာကွယ်ရေး လုပ်ငန်းများနှင့် ပညာပေးအစီအစဉ်များ မြှင့်တင်ဆောင်ရွက်နိုင်ခဲ့မှု၊ ပင်လယ်ကမ်းရိုးတန်း ဒေသ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဒီရေတောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သည့်အပြင် ကိုကိုးကျွန်းအပါအဝင် ကမ်းရိုးတန်းမြို့နယ်(၆၀)တွင် ဒီရေ တောနှင့် အရိပ်ရပင် တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင်စိုက်ပျိုးနိုင်ခဲ့မှု၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပင်လယ်ပြင် ဥပဒေစိုးမိုးရေး မြှင့်တင်ဆောင်ရွက် နိုင်ခဲ့မှု စသည့် ပင်လယ်ကမ်းရိုးတန်း သယံဇာတများ ရေရှည်တည်တံ့အောင် စီမံအုပ်ချုပ်ခြင်း လုပ်ငန်းများကို ကော်မတီဝင်များအားလုံး၊ လုပ်ငန်းဌာနများအားလုံး၏တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပါကြောင်း။

မိမိတို့နိုင်ငံအပါအဝင် နိုင်ငံအသီးသီးကကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့၏ရေရှည်ဖွံ့ဖြိုးတိုးတက် ရေး ပန်းတိုင်များနှင့်အညီလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေကြပါကြောင်း။ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (Sustainable Development Goal) ၁၇ ရပ် အနက် ပန်းတိုင် ၁၄ သည် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင် သည့် ပန်းတိုင်ဖြစ်ပါကြောင်း၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါဆိုင်ရာရေထု၏အပူချိန်၊ ပင်လယ် ရေစီးကြောင်း၊ ရေနေသတ္တဝါ နှင့်ဇီဝမျိုးစုံမျိုးကွဲများသည်လူသားများ ရှင်သန် ရပ်တည် နိုင်ရန်အဓိက အထောက်အပံ့ပြုပေးနေသည့် အခြေခံအကြောင်းတရားများဖြစ်ပါကြောင်း၊ ကမ္ဘာ့ပေါ်တွင် လူဦးရေသန်းပေါင်းသုံးထောင်ကျော်၏ အသက်မွေးဝမ်းကျောင်းနှင့်အလုပ်အကိုင် များသည် ပင်လယ်ကမ်းရိုး တန်းနှင့်အဏ္ဏဝါဆိုင်ရာဇီဝမျိုးစုံမျိုးကွဲများအပေါ်မှီခိုရှင်သန်နေရ ပါကြောင်း။ 

သို့သော် ယခုအခါ ကမ္ဘာ့ငါးသယံဇာတ၏၃၀ ရာခိုင်နှုန်းခန့်သည်အလွန်အကျွံ့ ထုတ်ယူသုံး စွဲခဲ့ကြပြီးဖြစ်ပါကြောင်း၊ ထိုသို့ကမ်းရိုးတန်းဒေသများတွင် အလွန်အကျွံထုတ်ယူ သုံးစွဲမှုများကြောင့် ငါးသယံဇာတများ သိသိသာသာလျော့နည်းပြုန်းတီးလာသည့်အပြင် ပင်လယ်ရေထု ညစ်ညမ်းမှုများသည်လည်း ငါးသယံဇာတနှင့်ဂေဟစနစ်များ ကိုခြိမ်းခြောက် လျက်ရှိပါကြောင်း၊ ပင်လယ်ရေထုတွင် တွေ့ရှိရသည့်အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် အဓိကအားဖြင့် ကုန်းတွင်းပိုင်းမှစွန့်ပစ်သည့်ပစ္စည်းများဖြစ်သည်ဟု သိရှိရပါကြောင်း၊ ပင်လယ်ရေထုအတွင်း ရောက်ရှိလာသည့် စွန့်ပစ်ပစ္စည်းအများစုသည် ပလပ်စတစ်ပစ္စည်းများနှင့် စွန့်ပစ်ငါး ဖမ်းပိုက်များဖြစ်သည်ဟု သိရှိရကြောင်း၊ 

 ထိုသို့ ပင်လယ်ရေထု ညစ်ညမ်းမှုများသည် အဏ္ဏဝါရေပြင်ကို အလွန်ထိခိုက်စေခြင်း ကြောင့် သန့်ရှင်းသည့် ငါးသယံဇာတများ ရေရှည်တည်တံ့စွာထုတ်ယူနိုင်မှု၊ စားနပ်ရိက္ခာ ဖူလုံမှု၊ အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲပေါများကြွယ်ဝမှု၊ လူသားတို့၏ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်မှုများကို များစွာခြိမ်းခြောက်လျက်ရှိပါကြောင်း၊ စွန့်ပစ်ပစ္စည်းများစုပုံ ဖုံးအုပ်ခြင်းများကြောင့် ငါးနှင့် ပင်လယ်သတ္တဝါများသေကြေပျက်စီးပြုန်းတီးခြင်း၊ ကမ်းရိုး တန်းနှင့် အဏ္ဏဝါ သဘာဝအရင်းအမြစ်များဖြစ်သည့် ဒီရေတော၊ သန္တာကျောက်တန်း၊ ပင်လယ်မြက်ခင်း၊ မြစ်ဝကျွန်းပေါ်နှင့်သဲသောင်ကမ်းခြေများတွင် ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ကမ်းရိုးတန်းနှင့်အဏ္ဏဝါရေထုအတွင်းဆီယိုဖိတ်မှုများ၊ ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေးသင်္ဘောများတွင်တပ်ဆင်ထားသော စွမ်းအားမြှင့် အသံလှိုင်း ထုတ်လွှင့်စက်များ ကြောင့်အသံညစ်ညမ်းမှုများလည်း ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကမ္ဘာ့အဏ္ဏဝါရှားပါး နို့တိုက်သတ္တဝါမျိုးစိတ်ဖြစ်သောဝေလငါးများ၏ အစာရှာဖွေ စားသောက်စနစ်နှင့်အခြားအရေးကြီးသောအပြုအမှုများကို ဖျက်ဆီးဟန့်တားမှုများဖြစ်ပေါ် စေရုံသာမက အဏ္ဏဝါကျောရိုးမဲ့ သတ္တဝါများအားသေစေနိုင်သည်အထိဖြစ်ပေါ်စေလျက် ရှိပါကြောင်း။

အပြည်ပြည်ဆိုင်ရာသဘာဝဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့( International Union for the Conservation of Nature-IUCN) ၏၂၀၂၀ပြည့်နှစ်ထုတ်ပြန်ချက်စာရင်းများအရအဏ္ဏဝါ နို့တိုက်သတ္တဝါများ၏၂၅ရာခိုင်နှုန်း၊ပင်လယ်ငှက်များ၏ ၂၇ ရာခိုင်နှုန်းနှင့်သန္တာကျောက်တန်း များ၏ ၂၇ရာခိုင်နှုန်း သည် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်ပေါ်လျက်ရှိသည့် အပြင်နောင် လာမည့်၂၁၀၀ပြည့်နှစ်တွင် အဏ္ဏဝါမျိုးစိတ်၏ထက်ဝက်ကျော်ခန့်မျိုးသုဉ်းပျောက် ကွယ်လိမ့် မည်ဟုခန့်မှန်းထားကြပါကြောင်း။ထို့ကြောင့် နိုင်ငံ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက် များပြည့်ဝ စေရန်၊ သဘာဝအရင်းအမြစ်များရေရှည်တည်တံ့စေရန်၊ပင်လယ်ရေထု ညစ်ညမ်းမှု နှင့်၎င်းနှင့်ဆက်စပ်နေသည့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာစိန်ခေါ် မှုများကိုတုံ့ပြန်ကာကွယ်နိုင် စွမ်းအားများကိုမြှင့်တင်နိုင်ရန်တို့အတွက်ရေရှည်စီမံချက်များချမှတ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။ 

ကော်မတီဝင်များအနေဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့်အဏ္ဏဝါသယံဇာတများ ထိန်းသိမ်း ရေးလုပ်ငန်းများ၏ စိန်ခေါ်မှုများကို စနစ်တကျ ဖြေရှင်းဆောင်ရွက်ကြရန်၊ ထိထိရောက်ရောက် စီမံအုပ်ချုပ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ဒေသတွင်းအစီအစဉ်များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဝန်ကြီးဌာနများနှင့်တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များအလိုက် ကမ်းရိုးတန်းနှင့် အဏ္ဏဝါ ရေပြင်ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ဆဲ၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့်အစီအမံများနှင့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပင်လယ်ကမ်းရိုးတန်းဒေသ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဗီဒီယိုကို ပြသသည်။ 

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်တိုးတက်မှု အခြေအနေများကိုလည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်း(ICM) အစီအစဉ်များကိုလည်း ကောင်း ရှင်းလင်းတင်ပြကြသည်။ 

ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယစစ်ဦးစီးအရာရှိချုပ်(ရေ)၊ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများက နိုင်ငံ အဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုအစီအစဉ်များ ဆောင်ရွက် နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့်အစီအမံများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။