ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မြန်မာနိုင်ငံသံရုံး၌ သံရုံးစာရေး တာဝန်ထမ်းဆောင်လျက် ရှိသည့် ဒေါ်ဌေးဌေးဝင်း သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်မှစ၍ ပါရီမြို့၊ မြန်မာသံရုံးမှ ခွင့်မဲ့ပျက်ကွက်လျက် ရှိသည်။
ဒေါ်ဌေးဌေးဝင်းသည် ပြည်ပတာဝန်ထမ်းဆောင်မှုကာလ ပြည့်မြောက်သည့်အတွက် မြန်မာနိုင်ငံတွင် ပြန်လည်တာဝန်ထမ်းဆောင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသည့် အမိန့်စာကို လက်ခံရရှိပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် မိသားစုစာရင်းနှင့် ၎င်း၏သားဖြစ်သူအား ပြင်သစ်နိုင်ငံတွင် ပညာဆက်လက်သင်ကြားခွင့်ပြုရန် တင်ပြခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်အထိ ပုံမှန်ရုံးတက်၍ ရုံးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့သည်။
ယင်းနေ့တွင်ပင် ဒေါ်ဌေးဌေးဝင်းသည် ၎င်း၏သားဖြစ်သူ ဆက်လက်ပညာသင်ကြား မည့်တက္ကသိုလ်တွင် စုံစမ်းမှုများပြုလုပ်ရန်အတွက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်၌ ခွင့်(၁)ရက် ခံစား လိုကြောင်းနှင့် ၎င်းတို့ မိသားစု၏ နိုင်ငံကူးလက်မှတ်များ ခေတ္တထုတ်ယူခွင့်ပြုရန် တင်ပြခဲ့သဖြင့် သံအမတ်ကြီးက ခွင့်ပြုပေးခဲ့သည်။
ဒေါ်ဌေးဌေးဝင်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်၊ ၁၀၀၀ နာရီချိန်ထိ သံရုံးသို့ ပြန်လည်သတင်းပို့မှု မရှိခြင်းကြောင့် သံရုံးတာဝန်ရှိသူများက စိစစ်ခဲ့ရာ ၎င်း၏နေအိမ်၌ မည်သည့် ကိုယ်ပိုင်ပစ္စည်းမျှ မရှိတော့ဘဲ အပြီးအပိုင် ထွက်ခွာသွားသည့်အခြေအနေအား တွေ့ရှိခဲ့သည်။
ဒေါ်ဌေးဌေးဝင်းသည် ပါရီမြို့ရှိ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လုပ်ငန်းတာဝန်များကို တက်ကြွစွာဖြင့် ကျေပွန်အောင်ထမ်းဆောင်ခဲ့ပြီး ၎င်းသည် ပြည်ပ တာဝန်ထမ်းဆောင်မှုကာလ ပြည့်မြောက်၍ မြန်မာနိုင်ငံတွင် ပြန်လည်တာဝန်ထမ်းဆောင်ရ မည့် ဝန်ထမ်းများအနက်မှ တစ်ဦးဖြစ်သည်။
သို့ရာတွင် ၎င်းသည် သားဖြစ်သူ ပြင်သစ်နိုင်ငံတွင် ဆက်လက်ပညာသင်ကြားနိုင်ရေး နှင့် သမီးဖြစ်သူ ဆေးကုသမှုခံယူနိုင်ရေးစသည့် ၎င်း၏ ကိုယ်ရေးကိုယ်တာ လူမှုရေးအခက်အခဲ များကြောင့် မြန်မာနိုင်ငံသို့ မပြန်လိုသဖြင့် နိုင်ငံရေးအကာအကွယ်ရယူကာ ခင်ပွန်း၊ သား၊ သမီးနှင့်အတူ ခွင့်မဲ့ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့လုပ်ဆောင်မှုကို ပြည်တွင်း၊ ပြည်ပ ဆန့်ကျင်ဘက်အဖွဲ့အစည်းများက နိုင်ငံရေးအရအသုံးချကာ ဝါဒဖြန့်ချိမှုများ လုပ်ဆောင် လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။