ဆီဆိုင်မြို့နယ်တွင် တပ်မတော်နှင့် PNO အဖွဲ့က စစ်အသုံးစရိတ်ဟုဆိုကာ တစ်အိမ်လျှင်  ၅ သိန်း ကျပ်မှ ၈ သိန်းကျပ် အထိ လိုက်လံကောက်ခံနေဟု သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ဇွန် ၂၀

Thursday, June 20, 2024 - 15:00

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် တပ်မတော်နှင့် PNO အဖွဲ့တို့က ဇွန်လ ၁၇ ရက်နေ့တွင် စစ်အသုံးစရိတ်ဟုဆိုကာ တစ်အိမ်လျှင် ၅ သိန်းကျပ်မှ ၈ သိန်းကျပ်အထိ လိုက်လံကောက်ခံနေကြောင်း မှန်ကန်မှုမရှိသော သတင်းများကို လူမှုကွန်ရက် ပေါ်တွင်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်လုံခြုံရေးတာဝန်ရှိသူ တစ်ဦးနှင့် PNO အဖွဲ့မှတာဝန်ရှိသူတစ်ဦးတို့၏ ပြောကြားချက်အရ ဆီဆိုင်မြို့နယ် အတွင်း မည်သည့်ငွေကြေးမျှ ကောက်ခံခြင်း မရှိဘဲ လုပ်ကြံရေးသားထားသောသတင်း အမှားသာဖြစ်ကြောင်း၊ ဆီဆိုင်မြို့နယ်အတွင်း ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး  နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေလုံခြုံရေးဆောင်ရွက်နေမှုအပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ထုတ်လွှင့်ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရ ပါသည်။