စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား ဝင်ရောက်လုယက်ဓားပြတိုက်သည့် အဖွဲ့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်စီးနင်းဖမ်းဆီးရာ အကြမ်းဖက်သမားတစ်ဦးအား ငွေကျပ်သိန်း ၃၀၃၁ သိန်းနှင့်အတူ အသေဖမ်းဆီးရမိ

Wednesday, June 19, 2024 - 15:00

            ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား အကြမ်းဖက်အမျိုးသား(၄)ဦး (စိစစ်ဆဲ)က ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး လုယက်ဓါးပြတိုက်နေကြောင်းသတင်းအရ မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့်  ပူးပေါင်းလှည့်ကင်းအဖွဲ့များဖြင့် တရားခံများဖမ်းဆီးရမိရေး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြသည်။

          ထိုသို့ ဆောင်ရွက်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် ပူးပေါင်းလှည့်ကင်းအဖွဲ့သည် ကမ္ဘောဇဘဏ် (၁)သို့ ရောက်ရှိပြီး ဝင်ရောက်စီးနင်းဖမ်းဆီးရာ လုယက်ဓားပြတိုက်သူ အကြမ်းဖက်သမား အမျိုးသား(၁)ဦးအား အသေဖမ်းဆီးရမိသည့်အပြင် ၎င်းတို့ ဓါးပြတိုက်ယူဆောင်ထားသည့် ငွေကျပ်သိန်း(၃၀၃၁)သိန်း၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် လုယက်ဓါးပြတိုက်ရာတွင် အသုံးပြုသည့် လက်လုပ်ပစ္စတို(၁)လက်၊ ၉ မမကျည်(၉)တောင့်၊ ဗုံးသီး(စိစစ်ဆဲ) (၁)လုံး၊  ဆိုင်ကယ်(၂)စီးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။

          စိစစ်ချက်အရ ဘဏ်အား ဝင်ရောက်လုယက်ဓါးပြတိုက်သူများမှာ ပေါင်းလှရွာအခြေပြု စစ်ကိုင်းခရိုင် PDF တပ်ရင်း(၂) ဆင်ရိုင်း(ခ)ခိုင်ဇော်လင်းဦးဆောင်သော အဖွဲ့ဖြစ်ကြောင်းနှင့်  အသေဖမ်းဆီးရမိသည့် အကြမ်းဖက်သမားမှာ ၎င်းအဖွဲ့မှ ကိုနောင်ဖြစ်ကြောင်း သိရှိရသည်။

          လုယက်ဓားပြတိုက်မှုမှ ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန်ရှိသည့် တရားခံများအား ထပ်မံဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ဝင်/မြို့ထွက် နေရာများအား ပိတ်ဆို့၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။