ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ် နေပြည်တော်၊ ၂၀၂၄ ဇွန် ၁၄ ရက်

Friday, June 14, 2024 - 16:00

          တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက် ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံပွဲကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီး သရက်မြို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ၎င်းတို့၏မိဘအုပ်ထိန်းသူ များ တက်ရောက်ကြသည်။

ဦးစွာ တပ်နယ်မှ တာဝန်ရှိသူ တစ်ဦးက အမှာစကားပြောကြားပြီး ဥပဒေဘောင် အတွင်းပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော မကွေးတိုင်း ဒေသကြီး၊ သရက်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား(၄)ဦးတို့အား  တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း အပ်နှံပြီး‌ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်း စဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝ သို့ပြန်လည် ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန် ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွဲပြောင်းအပ်နှံ ပေးလျက်ရှိကြောင်း သတင်းရရှိသည်။