မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Center for Disease Control and Medical Training Center) ဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ်ရှိ အဆိုပါ ဗဟိုဌာနနှင့် သင်တန်းကျောင်း အဆောက်အဦ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါမောက္ခ ချုပ်များနှင့် ပါမောက္ခများ၊ ဗဟိုအဆင့် ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေး နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ China CDC မှ တာဝန်ရှိသူများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဉီးသန်းထွန်းဉီး၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ China CDC မှ Deputy Director General ဒေါက်တာလီချွင်နှင့် ပြည်သူ့ကျန်းမာရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့် သန်းတို့က မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း အဆောက်အဉီကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် အဖွဲ့သည် မြန်မာ နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့်သင်တန်းကျောင်း ကမ္ဗည်းမော်ကွန်း ကြေးပြား ကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် အဖွဲ့သည် မြန်မာ နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းရှိ CDC ပြခန်းငယ်၊ မြေညီ ထပ်ရုံးခန်းများ၊ အစည်းအဝေးခန်းများ၊ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကွပ်ကဲ ရေးဗဟိုဌာန၊ ဇီဝလုံခြုံမှုအဆင့် ဓာတ်ခွဲခန်းများ၊ နည်းပညာသုံး ကူးစက်ရောဂါ စောင့်ကြပ် ကြည့်ရှုရေးစနစ် ဆောင်ရွက်သည့် အခန်းနှင့် သင်တန်းသားအိပ်ဆောင်များကို လှည့်လည် ကြည့်ရှုကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို အဆိုပါ အဆောက်အဦအတွင်းရှိ Theatre ခန်းမ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် “တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစား ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး”ကို လူမှုရေးဦးတည်ချက်တွင် ထည့်သွင်းချမှတ်ပြီး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန က ဆောင်ရွက်လျက်ရှိသော အခြေခံကျပြီး အရေးပါသည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ အရည်အသွေး ပြည့်မီစွာဖြင့် စွမ်းရည်ပြည့်ဝသော ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း။
ပြည်သူ့ကျန်းမာရေးလုံခြုံမှုနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေများကို ပိုမို ထိရောက်စွာ စီမံခန့်ခွဲ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကမ္ဘာ့နိုင်ငံများအနေဖြင့် အားကောင်းခိုင်မာပြီး အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး အဖွဲ့အစည်းများရှိရန် အရေးကြီးသည်ကို သတိပြုမိခဲ့ ကြကြောင်း၊ ထို့ကြောင့် ကျန်းမာရေးအဖွဲ့အစည်းများကို ပိုမိုထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန် အတွက် ကမ္ဘာ့နိုင်ငံများတွင် Centers for Disease Control and Prevention-CDC ဟုခေါ်သည့် ရောဂါထိန်းချုပ်ရေးဗဟိုဌာနများ ဖွင့်လှစ်တည်ထောင်ကြပြီး ရောဂါနှိမ်နင်းရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်လာကြကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ သုတေသနပြုလုပ်ရေးနှင့် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေးဗဟိုဌာနတစ်ခု ထူထောင်နိုင်ရန်အတွက် မြန်မာနိုင်ငံ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ကြည်ရေး သင်္ကေတအဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရက ကူညီတည်ဆောက်ထူထောင်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းစီမံကိန်းကို တရုတ်ယွမ်ငွေ သန်း(၃၃၀) ခန့်ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ်တွင် ယခုကဲ့သို့ အကောင် အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ Myanmar CDC Center ထူထောင်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေး အဆင့်အတန်းကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး တိုးတက် အောင် ဆောင်ရွက်သွားနိုင်တော့မည် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလုံခြုံမှုဆိုင်ရာ အစီအမံများကိုလည်း ပိုမိုထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း။
ယခု ဌာနကြီးကို ဗဟိုပြု၍ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဖြစ်ပွားလာနိုင်သည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေများကို ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ထိန်းချုပ်နိုင်ခြင်း၊ ကျန်းမာရေးဆိုင်ရာ သုတေသန လုပ်ငန်း များကို လုပ်ဆောင်နိုင်ခြင်း၊ ကူးစက်ရောဂါများအတွက် မရှိမဖြစ် လိုအပ်သည့် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများကို ပိုမိုဆောင်ရွက်လာနိုင်ခြင်း၊ ပြည်သူ့ကျန်းမာရေး အရေးပေါ်ကိစ္စရပ်များနှင့် ဦးစားပေး ပြည်သူ့ကျန်းမာရေး ပြဿနာများကို ဖြေရှင်းရာတွင် ပံ့ပိုးပေးနိုင်ခြင်း စသည်တို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ ကူးစက်ရောဂါများ ဖြစ်ပွားလာပါက လည်း ရောဂါပိုးမွှားများ၏ မျိုးရိုးဗီဇနှင့် သဘောသဘာဝများကို မိမိတို့ နိုင်ငံအတွင်း၌ ဓာတ်ခွဲ စမ်းသပ်ဖော်ထုတ် နိုင်မည်ဖြစ်၍ ယင်းကူးစက်ရောဂါကို အချိန်တိုအတွင်း ထိရောက်စွာ ကာကွယ်ထိန်းချုပ် တုံ့ပြန်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။
ထူးခြားချက်အနေဖြင့် ယနေ့ဖွင့်လှစ်လိုက်သည့် Myanmar CDC သည် ရောဂါထိန်းချုပ် ရေး ဗဟိုဌာနအပြင် ပြည်သူ့ကျန်းမာရေးသင်တန်း အဆောက်အအုံပါ ပူးတွဲတည်ဆောက်ထား သည့်အတွက် အရည်အသွေးပြည့်မီသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်တန်းများ ပို့ချပေး နိုင်မည်ဖြစ်သည့်အတွက် အရည်အသွေး မြင့်မားသည့် မျိုးဆက်သစ်ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးလာနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံ ရောဂါကာ ကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းကို တည်ထောင်ဖွင့်လှစ် နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းစုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနကို သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး လိုအပ်ချက်များ ကို မိမိတို့နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီပြည့်စုံအောင် ဖွဲ့စည်းဆောင်ရွက်ထားသည်ကို လည်း သိရှိရကြောင်း၊ ယခုဖွင့်လှစ်သည့် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနတွင် နိုင်ငံ တကာအဆင့်မီ ဓာတ်ခွဲခန်းများအနေဖြင့် ဇီဝလုံခြုံမှု အဆင့်မြင့်မားပြီး ကူးစက်ပြန့်ပွားလွယ် သည့် ရောဂါပိုးများကို ဓာတ်ခွဲစမ်းသပ်လေ့လာသည့် ဇီဝလုံခြုံမှု အဆင့်(၃)ရှိသည့် တုပ်ကွေး ရောဂါဓာတ်ခွဲခန်း၊ ဇီဝလုံခြုံမှု အဆင့်(၂)ရှိသည့် ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲခန်း၊ ဘက်တီးရီးယားပိုး မွှားဓာတ်ခွဲခန်း၊ ဇီဝလုံခြုံမှုအဆင့် (၁)ရှိသည့် အစားအစာ အဏုဇီဝဓာတ်ခွဲခန်း၊ ရောဂါပိုးမွှား ကင်းစင်သည့် ဓာတ်ခွဲခန်း စသည့်ဓာတ်ခွဲခန်းများစွာ ပါဝင်ပြီး ယင်းဓာတ်ခွဲခန်းများက ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာ အထောက်အကူပြု ဆောင်ရွက်သွားနိုင် မည်ဖြစ်ကြောင်း။
ယခုကဲ့သို့ မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်းကို တည် ထောင်ဖွင့်လှစ်နိုင်ခြင်းအားဖြင့် မိမိတို့နိုင်ငံအတွင်းတွင် ရောဂါထိန်းချုပ်ရေးနှင့် ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအားကောင်းလာမည်ဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာန၏ ရည်မှန်းချက်များဖြစ်သည့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်နိုင် ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းရေးတို့အတွက် ကြီးမားသည့် အထောက်အကူ ရရှိနိုင် မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း ပေါ်ပေါက်လာရန် ထောက်ပံ့ကူညီပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ပြည်သူ များ၊ တည်ဆောက်ရေးစီမံကိန်းကို အဓိကတာဝန်ယူ ဆောင်ရွက်ခဲ့သည့် China Communications Construction Company-Third Harbor Engineering Co.Ltdမှ တာဝန်ရှိသူများနှင့် ပညာရှင်များ၊ ပညာရပ်ပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီခဲ့သည့် ကျန်းစု CDC မှ ပညာရှင်များနှင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ အားလုံးကို နိုင်ငံတော်အစိုးရနှင့် ပြည်သူများ အားလုံးကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai က Myanmar CDC and Medical Training Center နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း မှတ်တမ်းဗွီဒီယိုကို ပြသသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းအဆောက်အဦဆိုင်ရာ စာရွက်စာ တမ်းများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တို့ကို ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ကြသည်။
၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့်သင်တန်းကျောင်း မြန်မာ CDC အဆောက်အဦကို မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ချစ်ကြည်ရေး သင်္ကေတ အဖြစ် စတင်တည်ဆောက်ခဲ့ရာ ၂၀၂၄ ခုနှစ် မေလတွင် တည်ဆောက်ပြီးစီးပြီဖြစ်၍ ဇွန် ၁၃ ရက်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။