နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(UAE) သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Mutaz Abdullah Abdulijaleel Mohamed AI Faheem သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
ထို့နောက် နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ လေကြောင်း တိုက်ရိုက် ပျံသန်းမှုများ တိုးချဲ့ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ခရီးသွားကဏ္ဍ၊ ကုန်သွယ်မှု ကဏ္ဍနှင့်အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးကိစ္စရပ်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရှိစေရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်း လဲမှုအခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နေရပ်စွန့်ခွာသူများကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ စိစစ် ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(UAE) သံအမတ်ကြီးတို့သည် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။