သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ဇွန် ၇

Friday, June 7, 2024 - 15:45

          ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် ကျေးရွာနေပြည်သူ ၁၀၀ ဦးခန့် ထိခိုက် သေဆုံးခဲ့ရပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရသည်ဟု မဟုတ်မမှန်စွပ်စွဲ ရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများ က လူမှုကွန်ရက်များတွင် ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

          ဖြစ်စဉ်အမှန်မှာ AA အကြမ်းဖက်သမားများမှ သံတွဲမြို့နယ်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်အတွက် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်စခန်းများကို လာရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဇွန်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ဆင်ခေါင်းကျေးရွာမှ ပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း ဒေသခံတို့၏ ပြောကြားချက်အရ သိရှိရသည်။

          တရားမဝင်ပြည်ဖျက်မီဒီယာများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် AA အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန် လုပ်ဆောင်လျက်ရှိသော်လည်း AA အကြမ်းဖက်သမားများ၏ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း စသည့် လုပ်ရပ်များအပေါ် နိုင်ငံတကာမှလည်း ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်လျက်ရှိပါကြောင်း သတင်းရရှိသည်။