၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ စတင် ဖွင့်လှစ်နေပြီးဖြစ်သည်။
နိုင်ငံအဝန်း၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် ကိုယ်ပိုင်ကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများက အေးချမ်း ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၂၁၀၇၉၄ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။ စာသင်ကျောင်းများတွင် သက်ဆိုင်ရာ အတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချ ပေးလျက်ရှိပြီး ကျောင်းသား၊ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာ သင်ကြားလျက်ရှိသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများကို သင်ရိုးညွှန်းတန်း စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးပြီး KG နှင့် မူလတန်း ကျောင်းသား/ကျောင်းသူများကို ကျောင်းဝတ်စုံများလည်း အခမဲ့ ပေးအပ်လျက် ရှိသည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ပညာ ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်း များတွင် စာသင်ခုံများ နေရာချထားခြင်း၊ ကျောင်း ကြို/ပို့ ယာဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးထားသည်။
ထို့ပြင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် အကြောင်း အမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား/ ကျောင်းသူများ ကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရှိရသည်။