သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား International Award for Promotion of Buddhism ဘွဲ့တံဆိပ် ဆက်ကပ်အပ်နှင်းသည့်အခမ်းအနားကျင်းပ ရန်ကုန်-မေ(၃၁)

Friday, May 31, 2024 - 17:15

နိုင်ငံတော် ဩဝါဒါစရိယ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား အိန္ဒိယသမ္မတနိုင်ငံက International Award for Promotion of Buddhismဘွဲ့တံဆိပ် ဆက်ကပ် အပ်နှင်းသည့်အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ပန်းဘဲတန်းမြိ့့နဘ် ရွှေဘုံသာလမ်း အိန္ဒိယစင်တာ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ စစ်ကိုင်းတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ ကျောင်းတိုက် ဆရာတော် ဦးသောဘိတ၊ ရခိုင်ပြည်နယ် အလိုတော်ပြည့်ဝိပဿနာ စင်တာနှင့် ကျောင်းတိုက်ဆရာတော် ဦးပညာဇောတနှင့် ဆရာတော်သံဃာတော်များ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင် ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E.Mr.Abjay Thaku ၊ Indian Council for Cultural Relations(ICCR)မှညွန်ကြားရေးမှူးချုပ် H.E.Mr.Kumar Tuhin ၊ ဦးနု-ဒေါ်မြရီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းနု၊ မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များမှ ICCR သင်တန်းသား၊ သင်တန်းသူဟောင်းများ၊ မြန်မာနိုင်ငံရှိ အိန္ဒိယနွယ်ဖွားဗုဒ္ဓ ဘာသာဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။

အခမ်းအနားတွင်  မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက နှုတ်ခွန်းဆက် စကားပြောကြားသည်။

ထိုနောက် Swami Vivekananda Cultural Center (SVCC) မှ ကျောင်းသား ကျောင်းသူလေးများက ရိုးရာယဉ်ကျေးမှုတေးဂီတဖြင့် သီဆိုကပြဖျော်ဖြေကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသူလေးများက  ဆီမီးခွက်အကဖြင့် ကပြဖျော်ဖြေကြသည်။

ယင်းနောက် Indian Council for Cultural Relations(ICCR)မှ ညွန်ကြားရေး မှူးချုပ် H.E.Mr.Kumar Tuhin က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ဝမ်းမြောက်မုဒိတာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က ဝမ်းမြောက်မုဒိတာစကား ပြောကြားသည်။

ယင်းနောက် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင် ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr.Abjay Thakur နှင့် Indian Council for Cultural Relations(ICCR)မှညွန်ကြားရေးမှူးချုပ် H.E.Mr.Kumar Tuhin တို့က ဆီးမီးထွန်း ညှိပူဇော်ကြသည်။

ထို့နောက် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် အခမ်းအနားသို့ ကြွရောက်တော်မူ လာကြသော ဆရာတော်သံဃာတော်များအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံ အမတ်ကြီး H.E.Mr.Abjay Thakurက သင်္ကန်းများဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ သီတဂူဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား Indian Council for Cultural Relations(ICCR)မှညွန်ကြားရေးမှူးချုပ် H.E.Mr.Kumar Tuhin က Conferring International Award for Promotion of Buddhism ဘွဲ့တံဆိပ်တော်အား ဆက်ကပ်လှူဒါန်းသည်။

ယင်းနာက် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရက ဩဝါဒစကား မြွက်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆက်ဆံရေးကောင်စီသည် ဗုဒ္ဓဘာသာထွန်းကားရေး အတွက် ဆောင်ရွက်ကြသော နိုင်ငံခြားတိုင်းပြည်များမှ ပညာရှင်များ၊ တစ်သီးပုဂ္ဂလ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား အသိမှတ်ပြု ဂုဏ်ပြုခြင်းနှင့်  ဗုဒ္ဓဘာသာ ထွန်းကား ပြန့်ပွားရေးအတွက် နိုင်ငံတကာဆုကို ၂၀၂၁ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့သည်။ ထိုဆုကို Otani University (Japan), Dr. Duong Thi Thanh Huong (Vietnum)နှင့် Mr. Choijamts Demberel (Mongolia)တို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။ အိနိ္ဒယနှင့် မြန်မာတို့သည် နှစ်ပေါင်းများစွာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေသော ဗုဒ္ဓဘာသာ ဆက်နွယ်မှုကို မျှဝေခဲ့ကြပြီး ယဉ်ကျေးမှုပြန့်ပွားရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။ ဒေါက်တာ အရှင်ဉာဏိဿရ၏ ဘာသာ သာသနာထွန်းကားပြန့်ပွားရန် ကြိုးပမ်းအား ထုတ်မှုကို ပိုမိုအားကောင်းစေခဲ့ပြီး မတူကွဲပြားသော လူမှုအသိုက်အဝန်းများကြား သဟဇာတဖြစ်တည်မှုနှင့် နားလည်သဘောပေါက်မှုတို့ကို မြှင့်တင်ဆောင်ရွက်တော်မူ နိုင်ခဲ့သည်။ ဒေါက်တာအရှင်ဉာဏိဿရအား ၂၀၂၃ ခုနှစ်တွင် “ဗုဒ္ဓဘာသာထွန်း ကားပြန့် ပွားရေးဆောင်ရွက်မှုအတွက်” နိုင်ငံတကာဆုကို ဆက်ကပ်လှူဒါန်း ခြင်းဖြစ်ရာ ထိုဆုကို ဆက်ကပ်လှူဒါန်းခြင်းသည် ဒေါက်တာအရှင်ဉာဏိဿရ၏ မြန်မာနိုင်ငံတစ် ဝန်းလုံးနှင့် ပြည်ပနိုင်ငံများအထိ ဗုဒ္ဓဘာသာနှင့် တရားဒေသနာ တော်များ ပြန့်ပွားရေးအတွက် ကိုယ်ကြိုးမဖက်အလေးထားဆောင်ရွက်ခဲ့မှုကို အသိ အမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။