အမ်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စီစဉ်ဆောင်ရွက်ပေးသော အခြေခံစားကုန် ပစ္စည်းများရောက်ရှိ၊ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး နေပြည်တော်၊ ၂၀၂၄ မေ - ၃၀

Thursday, May 30, 2024 - 19:30

          ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့်အပြင် ဆက်သွယ်ရေးလမ်းကြောင်းများအား နည်းမျိုးစုံဖြင့် ဖြတ်တောက်ပိတ်ဆို့ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ် ဆောင်ရွက်ပေးမှုဖြင့် အမ်းခရိုင်ရှိ ဒေသခံပြည်သူများအတွက် အခြေခံ စားသောက် ကုန်ပစ္စည်းများ တင်ဆောင်လာပြီး အမ်း-ပဒါန်း လမ်းကြောင်းအတိုင်း ထွက်ခွာ လာသည့် ကုန်စည်ပို့ဆောင်ရေး အရပ်ဘက်မော်တော်ယာဉ် ၂၇ စီး သည် မေလ ၂၉ ရက် မွန်းလွဲပိုင်းတွင် အမ်းမြို့သို့ရောက်ရှိလာရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး သောင်းထွန်းနှင့် တာဝန်ရှိသူများ၊ အမ်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများက ဝမ်းပန်းတသာ ကြိုဆိုကြသည်။

          အဆိုပါ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာသည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ် စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ယနေ့မွန်းလွဲပိုင်းတွင် အမ်းမြို့ရှိ ရွှေအမ်းတောင်ခန်းမ၌ ဒေသခံပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ တစ်ခဲနက်ဝယ်ယူအားပေးကြသည်။

          အမ်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် ယခုကဲ့သို့ စားရေးအခက်အခဲဖြစ်ပေါ်နေချိန်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများ အား အထူးပင်ကျေးဇူးတင်ရှိလျက်ရှိကြောင်း သတင်းရရှိသည်။