ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ် နေပြည်တော်၊ ၂၀၂၄ မေ ၂၇

Monday, May 27, 2024 - 15:45

          တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက် ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်း အခမ်းအနားကိုပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းဝင်ရောက်လာ သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ သုံးခွမြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှ အမျိုးသား ၁ ဦး၊ စုစုပေါင်း ၈ ဦးတို့အား  တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး‌ ထောက်ပံ့ ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF သင်တန်းဆင်း လူငယ်များ၏ မိသားစုဝင်များကိုယ်စား ဖခင်တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်း စဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည် ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန် ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံ ပေးလျက်ရှိကြောင်း သတင်းရရှိသည်။