အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)မှ သင်တန်းသားများ၊ နည်းပြအုပ်ချုပ်သူ၊ ဆရာ၊ ဆရာမများ ရန်ကုန်မြို့၌ လေ့လာရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၄ မေ ၂၃

Thursday, May 23, 2024 - 16:45

        အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)မှ သင်တန်း သားများ၊ နည်းပြအုပ်ချုပ်သူ၊ ဆရာ၊ ဆရာမ များသည် လေ့လာရေးခရီးစဉ်အဖြစ် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက် စင်တာသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် လေ့လာရေးခရီးလာရောက်ကြသော လေကြောင်းလူငယ် သင်တန်းသားများအား ပြခန်းခန်းမဆောင်တွင် ပြသထားသော  နျူကလီးယားနည်းပညာ အသုံးပြု၍ ရောဂါရှာဖွေမှု(ကိုမိုဂရမ်) နမူနာပုံစံ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုအမျိုး အစားတစ်ခုဖြစ်သော RHM-200 ၏ အတွင်းပိုင်း ပါဝင်ပစ္စည်းများနှင့် အလုပ်လုပ်ပုံပြ နမူနာပုံစံ၊ ခန္ဓာကိုယ်၏ ဓာတ်ရောင်ခြည်ပမာဏကို တိုင်းတာပြီး သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းများတွင် ပါရှိသည့် ဓာတ်ရောင်ခြည်ပမာဏနှင့် နှိုင်းယှဉ်ဖော်ပြပေးသည့် Radiometer စက်၊ နျူကလီးယားနည်းပညာဆိုင်ရာ အခြေခံအကြောင်းအရာများကို မေးခွန်းများမေး၍ ဖြေကြားနိုင်သည့် ပဟေဠိဂိမ်းစနစ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေစသည့် သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထုများတွင် ထွက်ရှိလျက် ရှိသော ရေဒီယိုသတ္တိကြွမှုကို တိုင်းတာဖော်ပြပေးစသည့်စက်၊ နျူကလီးယားဓာတ်ပေါင်းဖို တစ်ခု၏ အတွင်းပိုင်းတွင်ပါဝင်သည့် ပစ္စည်းများနှင့် အဆင့်ဆင့်တည်ဆောက်ပုံကို  3 D Virtual နည်းပညာဖြင့် ပုံဖော်ပြသသည့်ပုံစံငယ်နှင့် လေအားအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် Wind Turbine နမူနာ ပုံစံငယ်တို့အား တာဝန်ရှိသူများက အသေးစိတ်ရှင်းလင်းပြောကြားသည်။

        ဆက်လက်၍ ဗီဒီယိုပြခန်းမဆောင်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ဂုဏ်ပြုသရုပ်ဖော် ပြသသည့်သီချင်း MTV ၊ အသေးစားလျှပ်စစ် ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုများ၏ အရေးပါမှုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း ROSATOM ၏ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖို တည်ဆောက်မှုအတွေ့အကြုံများ ရှင်းလင်းတင်ပြမှု ဗီဒီယိုပြကွက်၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ အခြေခံအကြောင်းအရာများကို မြန်မာဘာသာဖြင့် ရှင်းလင်း ပြောကြားထားသည့် ပြကွက်များ၊ ပိုစတာပြခန်းတွင်  နျူကလီးယားနည်းပညာဖြင့် ကျန်းမာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ပညာရေး၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍအသီးသီးတွင် လက်တွေ့ကျကျအသုံးပြုနေခြင်းဆိုင်ရာ ပိုစတာများကို လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။