၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများစတင် နေပြည်တော်၊ ၂၀၂၄၊ မေ -  ၂၃

Thursday, May 23, 2024 - 16:45

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၃ ရက်တွင် စတင်ဖွင့် လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် ယနေ့မှ ဇွန် ၂ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကိုဆောင်ရွက် သွားမည် ဖြစ်ရာ  မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်း များကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမ များက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူ များအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ် ကြသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဆုံးရက်ဖြစ်သည့် ယနေ့တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၁၇၉၂၈၀၈ ဦး ရှိပြီး ကျောင်းများ၏ လုံခြုံရေး နှင့် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်သည့် ဆရာ၊ ဆရာမများ၊ လာရောက်ကျောင်း အပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင် ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။

ယင်းသို့ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံနေမှုများကို နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။