နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြား နေပြည်တ

Monday, May 20, 2024 - 16:30

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မေ ၂၀

              ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။

              အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ၊ အတွင်းရေးမှူး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများ ဖြစ်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက Online မှ တက်ရောက်ကြသည်။

          အစည်းအဝေးတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေဖြင့် စတင် ဖွဲ့စည်းချိန်မှ ယနေ့အထိ ဗဟိုအဖွဲ့အစည်းအဝေး ၃ ကြိမ် ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့် ပတ်သက်သည့် အလုပ်အဖွဲ့များနှင့် အစည်းအဝေး ၁ ကြိမ်၊ နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ အတွင်းရေးမှူးများ နှင့် အစည်းအဝေး ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး များ ၊ အတွင်းရေးမှူးများနှင့် ပြုလုပ်ခဲ့သည့်အစည်းအဝေးများတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများ ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ တင်ပြခဲ့မှုအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများအား ရှင်းလင်းဖြေကြားစေခဲ့ပြီး အားသာချက်/အားနည်းချက်များကို သုံးသပ်၍ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ချမှတ်ပေးခဲ့ကြောင်း။

          နည်းဥပ‌ဒေရေးဆွဲရေးနှင့်ပတ်သက်၍ ဗဟိုအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးဌာန ၃ ခုနှင့် တိုင်းဒေသကြီး/ပြည်နယ် အဖွဲ့ ၆ ခုတို့က ပေးပို့ခဲ့သည့် အကြံပြုချက်များအပေါ် သက်ဆိုင်ရာဌာနများမှ အလေးထားဖတ်ရှုပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်၍ရေးဆွဲ ထားသည့် ပြည်သူ့ စစ်မှုထမ်းနည်းဥပဒေ (စတုတ္ထမူကြမ်း)ကို ရေးထုံးရေးနည်း စိစစ်ရန်နှင့် ဥပဒေကြောင်းအရ သဘောထားပြန်ကြားပေးရန် ဥပဒေရေးရာဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပြီး ဥပဒေရေးရာဝန်ကြီး ဌာနမှ ဖြည့်စွက်ပြင်ဆင်ချက် ၊ သဘောထားမှတ်ချက်များနှင့်အတူ ပြန်ကြားခဲ့ပါကြောင်း၊ ယင်းပြန်ကြားလာမှုအပေါ် စံပြုလုပ်ထုံးလုပ်နည်း ပြုစုရေးဆွဲရေးနှင့် နည်းဥပဒေပြုစုရေးဆွဲရေး အလုပ်အဖွဲ့က အစည်းအဝေးခေါ်ယူပြီး ပြင်ဆင်ချက်/ ဖြည့်စွက် ချက်များနှင့်အတူ ပြည်သူ့ စစ်မှုထမ်းနည်းဥပဒေ (စတုတ္ထမူကြမ်း)ကို ထပ်မံ ပြုစုရေးဆွဲခဲ့ပြီး ဖြစ်ပါကြောင်း။

          နည်းဥပဒေ(စတုတ္ထမူကြမ်း) နှင့်ပတ်သက်၍ ဆွေးနွေးချက်များ၊  အကြံပြုချက်များ ရှိပါက ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် ဆွေးနွေးချက်၊ အကြံပြုချက်များကို ဆောလျင်စွာ ပေးပို့ ပေးရန် ပြောကြားလိုပါကြောင်း၊  ပေးပို့လာသည့် အကြံပြုချက်များအပေါ် ပြင်ဆင်/ ဖြည့်စွက် သင့်သည်များကို ပြင်ဆင်/ဖြည့်စွက်၍ ဥပဒေရေးရာဝန်ကြီးဌာနသို့ ရေးထုံးများ စိစစ်ရန်နှင့် သဘောထားမှတ်ချက်များ ပြန်ကြားပေးရန် ထပ်မံပေးပို့သွားရမည် ဖြစ်ပါ ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ရေးထုံးများစိစစ်ပြီး အကြံပြုချက်များဖြင့် သဘော ထားမှတ်ချက် ပြန်ကြားလာပါက ပြင်ဆင်ဖြည့်စွက်၍ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီမှ တစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြပြီး အတည်ပြုချက်ရယူသွားမည် ဖြစ်ပါကြောင်း။

          ပြည်သူ့စစ်မှုထမ်းသင်တန်း ပထမအပါတ်စဉ်နှင့် ဒုတိယအပါတ်စဉ်များကို ဖွင့်လှစ် ခဲ့ပြီးဖြစ်ပါကြောင်း ၊ တတိယအပါတ်စဉ်အတွက် သတ်မှတ်သင်တန်းသားအရေအတွက် ၊  Time Frame များကိုလည်း မြေပြင်အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန် နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီး/ပြည်နယ်အလုပ်အဖွဲ့များ လုပ်ငန်းဆောင်ရွက်ရာ တွင် လွယ်ကူစေရန် ပြင်ဆင်ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊

          ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး လက်ကမ်း စာစောင်  (၆၈၆၂၅၀)စောင်ကို ပြည်သူများသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး မြန်မာ့ရုပ်မြင်သံကြား မှလည်း သတင်း ၊ TV Spot ၊ ကြေညာချက်အစီအစဉ် ၊ ဆောင်းပါးနှင့် နိုင်ငံတော်သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြောကြားချက်များအပါအဝင် နှိုးဆော်ချက်များ၊ TV မဂ္ဂဇင်း/ ရေဒီယို မဂ္ဂဇင်းအဖြစ် ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ အပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြောကြားခဲ့သော ဆောင်းပါးများ၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြား ရေးမှူးရုံးမှ အရာရှိတစ်ဦးပြောကြားခဲ့သည့် ဆောင်းပါးများနှင့် နိုင်ငံပိုင်သတင်းစာများတွင် ပါရှိသည့်ဆောင်းပါးများကိုလည်း ကာကွယ်ရေးဝန်ကြီးဌာန Webportal တွင် အများပြည်သူ ကြည့်ရှုနိုင်ရန် တင်ထားပြီးဖြစ်ပါကြောင်း ၊ ပြည်သူလူထုအတွင်း ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် သတင်းမှန်များ ကျယ်ပြန့်စွာ ရောက်ရှိနိုင်ရေးအတွက် Mobile Operator  (၄)ခုမှတစ်ဆင့် Short Message Service (SMS) အစောင်ရေ (၂၆၂.၁၉)သန်း ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း ၊ ကင်းလွတ်ခွင့် ၊ လျော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့် များအတွက် ဥပဒေပုဒ်မ-၂၂ နှင့်  ၁၅(က)တွင် ပါရှိသည့် သတ်မှတ်ချက်များအပြင် ပြည်သူများသိသင့်သိထိုက်သော ထုတ်ပြန်ချက်များကို Mobile Operator (၄)ခုမှတစ်ဆင့် SMS အစောင်ရေ (၁၃၃.၀၀) သန်း ပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း။

          ပြည်သူ့စစ်မှုထမ်းသင်တန်း ၊ သင်တန်း(၂)ပတ်စဉ် ဖွင့်လှစ်ခဲ့ပြီးချိန်တွင် တွေ့ကြုံရ သည့် အားသာချက် ၊ အားနည်းချက်များ တွေ့ရှိခဲ့ရပြီး နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့စစ်မှုထမ်းအဖွဲ့များအနေဖြင့် တွေ့ကြုံခဲ့ရသည့် အားနည်းချက် အားသာချက်များအပေါ် အပြန်အလှန်သုံးသပ်၍ လာမည့် အပတ်စဉ်များ အတွက် ပြည်သူ့စစ်မှုထမ်းများ ခေါ်ယူရာတွင် ရည်မှန်းချက်ပြည့်ဝစွာ အကောင်အထည် ဖော်နိုင်ရေးနှင့် လုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စေရေးအတွက် အလေးထားကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ တက်ရောက်လာကြသည့် ကော်မတီဝင်များ ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များကလည်း  ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

              ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြည်သူစစ်မှုထမ်းအပါတ်စဉ်  (၂)ခုကို အောင်မြင်စွာဖွင့်လှစ်နိုင်အောင် စီမံဆောင်ရွက်ပေးကြသည့် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခင်ဖွင့်လှစ်ခဲ့သည့် အပါတ်စဉ်များအတွက် ပြည်သူ့စစ်မှုထမ်း ရန် ဆင့်ခေါ်ရာတွင် လာရောက်ရန် ပျက်ကွက်သူများအားလုံးကို  တည်ဆဲဥပဒေနှင့်အညီ  ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ၊ အပါတ်စဉ်(၃)ကို လျာထားချက် ပြည့်မီစွာဖြင့် ဖွင့်လှစ်နိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

              ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက်  ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

              ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိဂုံးချုပ် အမှာစကားပြောကြားရာတွင်   ယခင်ဖွင့်လှစ်ခဲ့သည့် အပါတ်စဉ်များ၌ တွေ့ကြုံခဲ့သည့် အတွေ့အကြုံအရ လျာထားချက် ပြည့်မီရေး ဆောင်ရွက် ရာတွင် အခက်အခဲဖြစ်ပေါ်ခဲ့ရပြီး အစားထိုးဖြည့်တင်းမှုများ ရှိခဲ့ပါကြောင်း ၊  ထိုသို့ဖြည့်တင်း ရာတွင်  SOP  ပုံစံများ ပြည့်စုံစွာ တင်ပြမှုမရှိသည့် အတွက်  စာရင်းကွဲလွဲမှုများ ၊ စာရင်းတိုက်ဆိုင် စစ်ဆေးရာတွင်  အချိန်ပေးဆောင်ရွက် ရခြင်းများ ကြုံတွေ့ခဲ့ရပါကြောင်း၊ ယင်းအတွေ့အကြုံများကို မူတည်၍ လာမည့် အပါတ်စဉ်များတွင် စနစ်တကျ စီမံဆောင်ရွက်ကြရန် လိုကြောင်း။

              နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ အနေဖြင့် သတ်မှတ် Time Frame အတွင်းဝင်အောင် Check List နှင့် ဆောင်ရွက်ရန် လိုအပ်ပြီး အခက်အခဲရှိပါက ဝန်ကြီးချုပ်များထံ တင်ပြကြရန်လိုပါကြောင်း၊ ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်၍ မြို့နယ် ၊ ရပ်ကွက် ၊ ကျေးရွာအဆင့်များက မှန်မှန် ကန်ကန်ဆောင်ရွက်စေရေး တိုင်း ၊ ခရိုင်အဆင့်များက စနစ်တကျ တာဝန်ပေးကြီးကြပ်ရန် မှာကြားလိုပါကြောင်း။

              တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် နိုင်ငံသား/ ဧည့်နိုင်ငံသား/ပြုနိုင်ငံသား မဟုတ်သူများကို ပြည်သူ့စစ်မှုထမ်း ရွေးချယ်ခြင်းမပြုရန် လိုအပ်ပါကြောင်း၊ ယခင်ဖွင့်လှစ်ပြီးခဲ့သည့် သင်တန်းများ၏ အားနည်းချက်/အားသာချက်များအား သုံးသပ်ပြီး နောင်ဖွင့်လှစ်မည့် ပြည်သူ့စစ်မှုထမ်း သင်တန်းများအတွက် သတ်မှတ်လျာထားချက်များအတိုင်း ပြည့်မီရေး အလေးထား ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။